Pages

Pages

အ.ထ.ကနော်တယာကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာရေးဆုံးခန်းတိုင်အောင် လေ့လာသင်ယူကြစေလို






MNP - မေ   ၂၄


ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ KNU/KNLA(PC) တပ်ဖွဲ့ဝင်မိသားစုဝင်များသို့ ကျောင်းသုံးဗလာစာအုပ်နှင့်ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲခန့်က ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးဒေသ အ.ထ.က နော်တယာကျောင်း၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အ.ထ.ကနော်တယာကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရည်မှန်းချက်ထား၍ ပညာရေးဆုံးခန်းတိုင်အောင် လေ့လာသင်ယူကြစေလိုကြောင်း၊ ပညာမြင့်မှလူမျိုးတင့်မည်ဆိုသည့် စကားပုံအတိုင်း ပညာရေးတွင်ထူးချွန် ထက်မြတ်မှသာ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်နိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ဦးရွက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း စကောကရင်ဘာသာစကားဖြင့်ပြောကြားပြီး ကရင်အမျိုးသားအစည်း အရုံး/ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဥက္ကဋ္ဌ စောထော့လေးက အားပေးစကားများပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က နယ်စပ်ရေးရာဝန်ကြီးဌာနမှထောက်ပံ့ပေးအပ်သော ကျောင်းသုံး ဗလာစာအုပ် (၃၀၀)ဒါဇင်၊ ကျောင်းဝတ်စုံ ၃၀၀ ဒါဇင်နှင့် ဆရာ၊ဆရာမများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းတို့ကို ထောက်ပံ့ပေးအပ်ရာ ထို့ကော်ကိုးဒေသ နော်တယာ ကျောင်းအုပ်ကြီးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။


အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ KNU/KNLA(PC) ဥက္ကဋ္ဌ စောထော့လေး၊ ဒုတိယဥက္ကဋ္ဌဒေါက်တာ နော်ကပေါ်ထူး၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ဆရာမ၊ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment