Pages

Pages

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နေပြည်တော်ကောင်စီနယ်မြေရှိ ပုဂ္ဂလိကပိုင် စက်ရုံများကို ကြည့်ရှုစစ်ဆေး



MNP ၊ မေ ၂၃

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာရှိ မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင် ကော်ပိုရေးရှင်းလီမိတက် (MAPCO) သို့ ရောက်ရှိရာ တာဝန်ရှိသူများက စပါးခွံလောင်စာအား အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး စပါးများ ကြိတ်ခွဲနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက စက်ရုံအနေဖြင့် စက်မှု မှတ်ပုံတင်ဆောင်ရွက်ထားရှိမှု၊ စက်ရုံရှိ ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှု အလိုက် အသိအမှတ်ပြုလက် မှတ်များရရှိနိုင်ရေးကိစ္စ၊ ဘွိုင်လာနှင့်လျှပ်စစ်ကျွမ်းကျင်မှု လက်မှတ်များ ရရှိနိုင်ရေးကိစ္စ၊ စက်ရုံရှိ အင်ဂျင်နီယာဝန်ထမ်းများ အင်ဂျင်နီယာ မှတ်ပုံတင်လက်မှတ် လျှောက်ထားနိုင်ရေး ကိစ္စများနှင့်ပတ်သက်၍ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆန်စက်လည်ပတ်နေမှု၊ စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်စက် (Gasifier) နှင့် ဆိုလာသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုကို ကြည့်ရှု စစ်ဆေးသည်။

အဆိုပါစက်ရုံသည် တစ်ရက်တန် (၂၂၀) ကျ စက်ရုံဖြစ်၍ ၂၀၁၆ ခုနှစ်မှ စတင်လည်ပတ်ခဲ့ပြီး ထွက်ရှိသည့် စပါးခွံဖြင့် ဂျပန်နည်းပညာ စပါးခွံသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်စနစ်၊ ဆိုလာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်စနစ်များ တွဲဖက်အသုံးပြုလျက်ရှိသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာရှိ နီလာကုမ္ပဏီ လီမိတက်ပိုင်၊ နီလာဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အေးခဲထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ပြီး ပြည်တွင်းဖြစ် ထုတ်လုပ်နေမှုများကို အားပေးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများချမှတ်ကာ ထိန်းကျောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်ရုံနှင့်ပတ်သက်၍ လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားပြီး စက်ရုံရှိ ဝန်ထမ်းများ ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ မှာကြားသည်။

နီလာ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အေးခဲထုတ်လုပ်သည့် စက်ရုံသည် ဟင်းနုနွယ်၊ ဘိုစားပဲ၊ ရုံးပတီသီး၊ ရွှေပဲသီး၊ အာလူး၊ သရက်သီးစသည့် ဟင်းသီးဟင်းရွက် များကို စိုက်ပျိုးသည်မှ သန့်စင်၊ အေးခဲ ထုပ်ပိုးသည်အထိ ဆောင်ရွက်ကာ ပြည်ပသို့ တင်ပို့ ရောင်းချလျက်ရှိသည့် နိုင်ငံသားပိုင်စက်ရုံဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment