ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

 


MNP - မေ   ၂၉


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၌၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉:၃၀ က အထက(၁)ကျောင်း ဧရာဝတီခန်းမ၌ကျင်းပခဲ့ရာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက“ ကျောင်းသွားကြမယ်” သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ကျောင်းအပ်နှံရေးတွင် ဆရာ မိဘ ကျောင်းသား အားလုံးပူးပေါင်းပါဝင်ရမည့်အပြင် ကျောင်းသားတစ်ယောက်၏ ထူးချွန်ပြောင်မြောက်မှု၊ စာသင်ကြားနိုင်မှုအတွက် အုပ်ချုပ်ရေးဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းပူးပေါင်းမှ အောင်မြင်မည်ဖြစ်ပါကြောင်း။


ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း မူလတန်းပညာရေးကို မသင်မနေရ အခမဲ့သင်ကြားနိုင်ရေးရေးဆွဲခဲ့ပါကြောင်း၊ ယခုနောက်ပိုင်းတွင် အခြေခံပညာမူလတန်းအဆင့်မှ အလယ်တန်း အဆင့်အထိ အခမဲ့သင်ကြားနိုင်ရေးအတွက် ဘက်ပေါင်းစုံမှစီစဉ် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဘဝရပ်တည်နေထိုင်ရေးအတွက် အလယ်တန်း ပညာအဆင့်အထိ အနည်းဆုံးတတ်မြောက်ထားရန်လိုအပ်ပြီး၊ ဆက်လက်၍ အဆင့်မြင့်ပညာများကို သင်ကြားမည်ဆိုပါက ထိုသို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ဆင့်သော အခြေခံပညာအုတ်မြစ် ကောင်းစွာချထားပေးရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ပညာရေးမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိတ်ဓာတ် စည်းကမ်း ပညာဆိုသည့် ပညာရေးဆောင်ပုဒ်အတိုင်း စိတ်ဓာတ် စည်းကမ်း ပညာနှင့်ပြည့်စုံသော ကျောင်းသား ကျောင်းသူများ ဖြစ်လာစေရေးဆရာ/ဆရာမများက ပြုစုပျိုးထောင်မွေးမြူပေးဖို့ လိုအပ်ကြောင်း၊ ပြင်ဦးလွင်မြို့နယ်အား ပညာရေးမြို့တော်ဖြစ်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍  ပြင်ဦးလွင်ခရိုင် ပညာရေးမှူး ဒေါက်တာဒေါ်ရွှေစင်အိက ကျောင်းများဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံမှုအခြေအနေများ၊ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးအဖြစ် အခမဲ့ပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းများအရ ဆောင်ရွက်နေမှုများ၊ သင်ရိုးတစ်နှစ်ခြင်းတစ်ဆင့်ခြင်း ပြုပြင်ပြောင်းလဲမှုများ၊  အရည်အသွေးမြင့်မားရေး လုပ်ငန်းစဉ်များအရ ဆရာ၊ ဆရာမများ၏ အရည်အသွေးပြည့်မီစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် နိုင်ငံတော်ကပညာရေးအတွက် အထောက်အပံ့ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်/ဗလာ၊ စာရေးကိရိယာများပေးအပ်ခြင်းအစီအစဉ်နှင့် ပြင်ဦးလွင်မြို့နယ်ရှိ အခြေခံပညာအထက်တန်း အလယ်တန်း မူလတန်းကျောင်းများသို့ အလှူရှင်များက အလှူပစ္စည်းများကို သက်ဆိုင်ရာ ကျောင်းများသို့ ပေးအပ်လှူဒါန်းခဲ့သည်။


ယင်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီသီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကာ တာဝန်ရှိသူများက ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)