လန်းသောပန်းတို့ နွမ်းစေမည့် ပညာရေးဒီဂရီကောလိပ် (အပိုင်း - ၂) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လန်းသောပန်းတို့ နွမ်းစေမည့် ပညာရေးဒီဂရီကောလိပ် (အပိုင်း - ၂)

 


ထို့ကြောင့် ဆရာကြီး ဒေါက်တာအောင်ခင်ဆင့်တို့က အဖက်ဖက်က အားနည်းနေသည့် ပညာရပ် အသိအတတ်ကော၊ ဆရာ ပညာ အသိအတတ်ကော ကောင်းစွာမရသည့် ၄နှစ်သင် ပညာရေးဒီဂရီကောလိပ် (မဖွင့်သင့်) ဟု အကြံပြုခဲ့ကြသည်။ သို့ငြား ပညာတတ် အာဏာရှင်ခေတ်က ၁၉၉၅ ကတည်းက ရှင်သန်လာခဲ့ရာ နိုင်ငံ လူမျိုးအပေါ် စေတနာထား၊ ပညာအား ကောင်းစွာရှိသော ဆရာကြီး (ဒေါက်တာခင်ဇော်၊ ဒေါက်တာခင်မောင်ညို၊ ဒေါက်တာတိုးလှ) တို့လို ပညာရှင်တွေပင် ပညာရေးဌာနက မသုံးတော့။ သတို့အကြံပြုချက် တရားဝင်ကော၊ စာပေဆောင်းပါးများဖြင့် အကြံပြုချက်များပါ အရေးမပါတော့။ ၄နှစ်သင် ပညာရေးဒီဂရီကောလိပ်အစား ၅နှစ်သင် B.Ed လုပ်သင့်သည့် အကြံပြုချက်ကို မလုပ်သည်မှာ ဉာဏ်ရည်ထူးချွန်ကျောင်းသားတို့အား အညွန့်ချိုးပစ်ခြင်းပင်။

ယခု ၄နှစ်သင် ပညာရေးကောလိပ် ဦးဆောင်စီမံသူတစ်ဦးမှ (မူလတန်းပြသူ၊ မူဆင့် အသိလောက်၊ မူလတန်းသင်ပြတတ်ရင် တော်ပြီပေါ့) ဟူသော စကားထွက်လာရာ ထိုစီမံသူသာ ဆရာကြီးဦးထွန်းကြွယ်နှင့် ကျွန်တော်တို့ခေတ်မှာ အကြီးအကဲ ဦးဆောင်သူ ဖြစ်ခဲ့လျှင် ပညာရေးနယ်ပယ် ကြယ်တစ်ပွင့် ဦးထွန်းကြွယ်သည် ထွန်းတောက်မည်မဟုတ်သလို မူပြ၊ လယ်ပြ မှ စခဲ့ရသူတို့ လယ်အုပ်၊ ထက်အုပ်၊ TEO ၊ DEO ၊ ညွှန်မှူး၊ ညွှန်ချုပ် ဖြစ်လာမည်မဟုတ်ပေ။ ဟန်ချက်ညီပြီး အခွင့်အရေး အခွင့်အလမ်း တန်းတူရသောခေတ်မှာ ၁၉၄၈ မှ ၁၉၉၄ အတွင်း ရှိခဲ့ပါသည်။ ထိုပညာရေးစနစ်ကောင်းကို ကျွန်တော်တို့ ပင်စင်ယူအရွယ်တို့ ကြုံခဲ့ရ၍ ကျွန်တော်လည်း ဘဝမြင့်ခဲ့ရပါသည်။ ယခု ကျွန်တော်တို့ သားတပည့်တို့ကား ဟန်ချက်မညီ သွေးခွဲပညာရေး၊ အညွန့်ချိုးပညာရေး၊ ဆရာအတတ်သင်စနစ်ကို ၂၀၁၉-၂၀ မှာ အောင်မြင်စွာ စီမံနိုင်ခဲ့ပြီ။ 

အညွန့်ချိုးပုံ ပြပါရစေ -

(၁) မောင်A က ၄နှစ်သင် ပညာရေးဒီဂရီကောလိပ်ကို ၁၀တန်းအောင် အမှတ် ၄၃၀ နှင့် တက်သည်။ မောင် B က အမှတ် ၂၄၀ သာရ၍ အမှတ်မမီ မတက်ရသဖြင့် B.A, B.Sc ရိုးရိုးအဓိက ဘာသာရပ်ဖြင့် တက်သည်။ ၄နှစ်တွင် ကြိုးစား၍ Qualified = Q ဝင်ကြရာ မောင် B က M.A, M.Sc ရပြီး တိုက်ရိုက် ထက်ပြကို ရမည်။ မောင် A က Q ရသော်လည်း M.A(Ed), M.Sc(Ed) မရှိ၍ တကြောင်း၊ B.Ed ကလည်း ကန့်သတ်ဦးရေ ထား၍ တကြောင်း ဆယ်တန်းတုန်းက အမှတ်ကောင်းခဲ့သော်လည်း ထက်ပြ မဖြစ်။ ဘဝမမြင့်။ တသက်လုံး နေပေတော့ မူပြ၊ လယ်ြ။ ဒါ ဆယ်တန်းတုန်းက ကြိုးစားခဲ့သည့် ထက်မြတ်သော ဝရိယနှင့် ဉာဏ်ရည်ကို အညွန့်ချိုးခြင်းပင် မဟုတ်လား။

(၂) မောင်B တို့လို ပညာရေးကောလိပ် အမှတ်မမီသူတို့က M.A, M.Sc ရလျှင် ပညာရေးဌာန ဝင်လျင်လည်း တက္ကသိုလ်ဆရာ၊ ထက်ပြဆရာ၊ ဌာနတစ်ခုခု ဝင်လျင်လည်း အဆင့်မြင့် ရာထူးရနိုင်သော်လည်း မောင်A မှာ အညွန့်ချိုးစနစ်ကြောင့် မူ၊ လယ် ပြ ဘဝဖြင့်သာ ဘဝတုံး၊ ဘဝဆုံး ရတော့မည်။ 

(၃) မောင်A ရသောဘွဲ့သည် B.A(Ed), B.Sc(Ed) ဖြစ်ရာ နောက်ဆုံးနှစ်ထူးချွန်၍ (၎င်းကိုပင် အလွန်ကန့်သတ်ထားသော ဦးရေသတ်မှတ်၍) M.A(Ed), M.Sc(Ed) မတက်ရဘဲ ပေါင်းကူး B.Ed သွားရတော့ B.Ed ဆိုသည်ကလည်း Bachlar of Education ဖြစ်ရာ Ed ရပြီးသားသူကို Ed ထပ်ပေးသည် ဆိုတော့ စီမံသူတွေ အမြော်အမြင် မရှိဆိုတာ မြင်သိရဲဖို့ လိုပါသည်။

စီမံဦးဆောင်သူတို့ ဆင်ခြင်တုံတရား၊ သင့် မသင့် အကြိမ်ကြိမ်ဆင်ခြင် စဉ်းစားမှု လုံးဝမရှိမှုကြောင့် (သို့) ထင်ရာလုပ်မှုကြောင့် (သို့) တမင် အညွန့်ချိုးချင်သောကြောင့် IQ မြင့်၊ ဝီရိယမြင့် ကလေးတို့ကို ဝိဇ္ဇာ၊ သိပ္ပံ ပညာရပ်တစ်ခုခုရဖို့ သင်ရိုးညွှန်းတမ်း ရေးဆွဲထားခြင်း မရှိမှုသည် အညွန့်ချိုးပစ်ခြင်းသာ ဖြစ်သည်။ 

၁၉၄၈ မှ ၁၉၉၄ ထိ ဆရာအတတ်သင် ပညာရေးစနစ်က ၁၀တန်း (ခ) အဆင့်ကသာ အောင်ခဲ့သော ကျွန်တော်၊ မူလတန်းပြဆရာလေးသာ ဖြစ်ခဲ့သော မောင်ထွန်းကြွယ်ဆိုသော လူငယ်၊ တခါ မူပြဆရာထက်ပင် နိမ့်သော အထွေထွေလုပ်သား ပညာရေးဝန်ထမ်း လူငယ်များအား ဘဝမြင့်အောင် မြှင့်တင်ပေးသော စနစ်ရှိသောအခါ TTC ကထိက၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခ၊ ထက်အုပ်၊ T.E.O ၊ ညွှန်မှူး ၊ ညွှန်ချုပ် ထိ ဘဝတက်လမ်း ရှိခဲ့ကြသည်။ ယခုတော့ တက္ကသိုလ်ဝင်တန်းမှာ ဝီရိယအားကောင်း၊ ဉာဏ်အားကောင်းကြသော လူငယ်ပန်းကလေးတို့အား မွှေးပျံ့အောင် လုပ်ပေးဖို့ မဆိုထားနှင့် ဖြိုးတင့်လန်းဆန်းအောင် မလုပ်ပေးသည့်အပြင် တက်လမ်းမရှိသည့် အညွန့်ချိုးစနစ် စတင်လိုက်ပြီ။ ၂၀၂၀ က ပထမသုတ်ပင် ပြီးသွားပြီ။ ၂၀၁၉ က အမှတ် ၄၃၀ ကျော်၍ ၄နှစ်သင် TTC ပထမနှစ်ပြီး လူငယ်များသည်လည်းကောင်း၊ ၂၀၂၂ မှ စ၍ အမှတ် ၄၂၀ကျော်၍ ထို ၄နှစ်သင် TTC တက်မည့်သူများသည်လည်းကောင်း တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်ထက်မြတ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း B.A(Ed), B.Sc(Ed) အမည်ခံဘွဲ့ ၄နှစ်ကြာ သင်ယူပြီးသောအခါ တုံး၊ ထုံ၊ နုံ၊ ဖျင်း၊ အ၊ ညံ့သော ဘွဲ့ရဆရာများ ဖြစ်သွားတော့မည်မှာ အလွန်သေချာပါသည်။ ထိုသို့ ရဲဝံ့စွာ ပြောရသော အကြောင်းမှာ ထိုထက်မြတ်သော လူငယ်တို့အား ဝိဇ္ဇာဆိုလျှင် ပထဝီ၊ သမိုင်း၊ မြန်မာစာ စသည် သိပ္ပံဆိုလျှင် သင်္ချာ၊ ဓာတု၊ ရူပ စသည် တခုခု တတ်မြောက်အောင် သင်မပေးသောကြောင့် ဖြစ်သည်။ ပြတ်ပြတ်သားသားပင် ပြောပါအုံးမည်။ ၂၀၁၉ - ၂၀ မှ စတင်လိုက်သည့် ၄နှစ်သင် ပညာရေးဒီဂရီကောလိပ် ၂၅ကျောင်းသည် လူတော်များကို လူလျှော်၊ လူညံ့ဖြစ်အောင် တမင်မွေးထုတ်မည့် စက်ရုံ ၂၅ရုံသာ ဖြစ်ပါကြောင်း နိုင်ငံ လူမျိုး အကျိုးရှိ စနစ်ကောင်းကို မှီခဲ့သော အငြိမ်းစား TTC ကထိက တစ်ဦးက ၄နှစ်သင် ပညာရေးကောလိပ် အစစ စီမံသူများကိုရော၊ တက်ရောက်နေသည့် လူငယ်လေးတို့ရော ပညာရေးတာဝန်ရှိသူတို့ကိုပါ ရင်နာနာနှင့် တင်ပြလိုက်ရပါသည်။

(၂၀၂၀ ဒီဇင်ဘာက မူပြဘဝမှ TTC ဆရာဘဝရောက် အငြိမ်းစား ကထိက ၂ဦးနှင့် ပညာရေး ကျဆင်းပျက်စီးနေရခြင်းကို ပြောဖြစ်ခဲ့ပါသည်။

T-1 ကျွန်တော် မကွေး ဒီဂရီကောလိပ်က သင်္ချာအဓိကနဲ့ ၁၉၈၀ မှာ ဘွဲ့ရပါတယ်။ ဘွဲ့ရ ဆွဲခန့် မူပြဆရာ၊ နောက် လယ်ပြ၊ B.Ed ဝင်ခွင့်ဖြေ လယ်-ထက် သင်္ချာသင်ရတော့ ကောလိပ်မှာ အဓိကဘာသာသင်ရသူမို့ အခက်အခဲမရှိပါဘူး။ ကောလိပ်မှာ ၄နှစ်မှ သင်ယူရတယ်ဆိုရင် ဝိဇ္ဇာဆိုသည့် ဝိဇ္ဇာပညာရပ်တစ်ခုခု၊ သိပ္ပံဆိုလည်း သိပ္ပံပညာရပ်တစ်ခုခု ကျွမ်းကျင်အောင် သင်ယူဖို့ လိုပါတယ်။ ဆရာအတတ်ပညာဆိုတာ ၄နှစ်၊ ၅နှစ်ကြာ သင်ယူဖို့ မလိုပါဘူး။ ကျွန်တော် ၁၀တန်း တုန်းက အမှတ်မကောင်းလို့ မကွေးမှာ သင်္ချာနဲ့ တက်တယ်။ အမှတ်ကောင်းသူတွေက B.Ed ၅နှစ် တက် ထက်ပြဖြစ်ကြတယ်။ 

ကျွန်တော် ထက်ပြဖြစ်တော့ သူတို့ ထက်ပြလုပ်သက် ၅နှစ်လောက် ရှိပြီ။ သင်္ချာ သင်ရိုးသစ်တွေပြောင်းတော့ သင်္ချာအသိမှာ ကျွန်တော်တို့လောက် မရှိပါဘူး။ ကျန်ဘာသာတွေမှာလဲ အဲဒီလိုပဲ။ ပညာရပ်အသိကို B.Ed ၅နှစ်မှာ သင်ရတာနည်းလို့ Academic Subject သူတို့မကျွမ်းပါဘူး။ ဒါကြောင့် ဆယ်တန်းတုန်းက သူတို့တော်ကြတယ်။ ၅နှစ်သင် အပြီးမှာ ဝိဇ္ဇာ၊ သိပ္ပံက သူတွေလောက် မထက်မြတ်တော့ဘူး။ အခု ၂၀၀၁နောက်ပိုင်း ရလာတဲ့ B.Ed ၅နှစ်က M.Ed တွေကြည့် တြီဂို၊ ဂျီသြ မသင်တတ်ဘူး။ ဓာတုဆိုလည်း မသင်တတ်ဘူး။ သူတို့သင်တတ်တာ အင်္ဂလိပ်စာပဲ။

T-2 (မူ လယ်ဆင့် သင်မယ့် လူတစ်ယောက် မူလယ်ဆင့် အသိလောက်ပဲ ရှိရင် တော်ရောပေါ့) လို့ ဦးဆောင်သူတစ်ယောက်ရဲ့ နှုတ်ထွက်စကားဟာ သူ့ရဲ့ သိမ်ဖျင်းတဲ့စိတ်ကို လှစ်ပြလိုက်တာပါ။ တက်လူတွေကို မထက်မြတ်စေချင်တာဟာ နိုင်ငံနဲ့ လူမျိုးအပေါ် စေတနာမဲ့ရာ ကျလွန်းပါတယ်။ သူတို့ ပြောတာက မူ၊ လယ်ပြ ဆရာတွေ ရာထူးတိုး ပြောင်းသွားရင် ကျန်ရစ်သူကလေးတွေ နစ်နာလို့ ဒီစနစ်ထွင်တာလို့ ပြောတယ်။ ဒါ မခိုင်မာတဲ့ အကြောင်းပြချက်ပါ။ ဆရာတစ်ဦးကို သတ်မှတ်ကာလနဲ့ ကျောင်းတစ်ကျောင်းမှာ အမှုထမ်းခိုင်းတာမို့ ဘာပြဿနာမှ မရှိပါဘူး။ ပညာရေးနိမ့်ကျတာ မြှင့်ဖို့ စနစ်ဆိုရင် လုံးဝမှားပါတယ်။ ၅ နှစ်သင် B.Ed သမားနဲ့ ၄နှစ်သင် ပညာရေးကောလိပ်သမား ဆရာဖြစ်လာရင် အခြေခံလစာတူပေမယ့် ဝန်ထမ်းသက်ကြာလာရင် B.Ed သမားက လယ်အုပ်၊ ထက်အုပ်၊ ပညာရေးမှူး၊ ညွှန်ချုပ်ထိ ရာထူးတိုးမယ်။ ၄နှစ်သင်သမားမှာ တသက်လုံး မူ-လယ် နဲ့ အရိုးထုတ်ခိုင်းတဲ့စနစ်ဟာ ပညာရေးမြှင့်တာ မဟုတ်ပါဘူး။ တက်နိုင်တဲ့ စွမ်းရည်ပြည့်စုံသူကို တက်လမ်းပိတ်ပြီး ဉာဏ်ရည်ထက်မြတ်သူတွေကို Academic Subject မသင်ပေးတာ လူ့စွမ်းအား အရင်းအမြစ် တမင်သတ်ဖြတ်လိုက်တာပါ။ ဆရာအတတ်ပညာဟာ စာပေးစာယူနဲ့ သင်ရင်ကို ရပါတယ်။ အဓိက တတ်မြောက်သိကျွမ်းဖို့က ကိုယ်ယူတဲ့ အဓိကပညာရပ်ပါ။ ၄နှစ်သင် ပညာရေးကောလိပ်က ဆင်းလာသူတွေဟာ တသက်လုံး မူ၊လယ်ပြ ဆရာဘဝနဲ့ နေရတာကြောင့် အသိအတတ် မထက်မြတ်တော့ဘဲ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် တပည့်တွေလည်း ညံ့မှာ သေချာပါတယ်။

(ကျွန်တော်က ဒီအကြောင်းတွေကို ဆရာတို့ရေးပြီး တင်ပြသင့်တယ်ဆိုသောအခါ ကျွန်တော်ပဲ ရေးပါဟု တာဝန်ပေးလာ၍ ၄နှစ်သင် TTC သည် လူတော်တွေကို ပို၍ထူးချွန်သူများဖြစ်အောင် မွေးထုတ်သည့် ကောလိပ်ဖြစ်ပါစေကြောင်း တက်ရောက်သူ ဆရာ/ဆရာမလောင်းများကော၊ ပညာရေးဝန်ကြီးကော၊ ပညာရေးစီမံသူများပါ သိစေရန် တင်ပြလိုက်ပါကြောင်း)


ဦးဌေး (နတ်မောက်)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)