MNP - မေ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူများနှင့် ထိခိုက်သေဆုံးသွားသည့် ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို စဉ့်ကူးမြို့နယ်ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူများက စဉ့်ကူးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေကျပ် (၆၀၀၀၀၀)၊ ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၄) လုံး၊ အမိုးလန် ပျက်စီးခဲ့သည့် နေအိမ် (၂၃၅) လုံးနှင့် အမိုးလန် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၄) ကျောင်း၊ ဘေလေးသင့် အိမ်ထောင်စု (၂၃၉) စုမှ လေဘေးသင့်ပြည်သူ (၉၉၂) ဦးတို့အတွက် အိမ်ဆောက်/ကျောင်းဆောက် ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်းကျပ် (၁၉,၅၅၀,၂၀၀)၊ ပြိုကျပျက်စီးနေအိမ် (၄) လုံးအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၉၆,၁၁၄) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၄) ပုံး၊ စုစုပေါင်းထောက်ပံ့မှု တန်ဖိုးငွေကျပ် (၂၀,၃၄၆,၃၁၄) အား လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လေဘေးသင့်ပြည်သူများက လက်ခံရယူခဲ့သည်။
အဆိုပါ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ စဉ့်ကူး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လေဘေးသင့်ပြည်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment