Pages

Pages

လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

 





MNP - မေ   ၂၆


ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲကို လယ်ဝေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ (၁)နာရီမှ ညနေ(၄)နာရီအထိကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရရှိရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနပေါင်းစုံ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူများ ဒေသဝမ်းစာဖူလုံရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးတို့အတွက် အခြေခံကျသည့်လုပ်ငန်းများဖြစ်၍ တိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း စသည်ဖြင့်ပြောကြားသည်။


ဆက်လက်၍ လယ်ဝေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝင်း က၂၀၂၂-၂၀၂၃ခုနှစ်၊ စိုက်ပျိုးဧကလျာထားမှု၊ စိုက်ပျိုးသီးနှံများနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့် စီမံကိန်းများအားလည်းကောင်း၊ မြို့နယ် ဆည်မြောင်း (ထိန်းသိမ်းရေး)မှ ဦးစီးအရာရှိ ဦးဖြိုးဝေလင်းနှင့်တည်ဆောက်ရေး(၅)မှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဆည်၊ ကန်ရေများအသုံးချမှုနှင့် ပြုပြင်ဆောင်ရွက်မှုများအားလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မာလာသင်းက မွေးမြူရေး၊ ကာကွယ်ဆေးများထိုးနှံခြင်းနှင့် မေထုန်မဲ့သားစပ်လုပ်ငန်းများ ဆောင်ရွက်နေမှုများအားလည်းကောင်း၊ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒေါ်ခိုင်ကြည်သာက ၂၀၂၂-၂၀၂၃ မိုးစပါး စိုက်ပျိုးစရိတ်များ ထုတ်ချေးနေမှုများအားလည်းကောင်း၊ မြို့နယ်စည်ပင်မှ အမှုဆောင်အရာရှိ ဦးမျိုးမြင့်သူက မြို့နယ် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက် နေမှုများအားလည်းကောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးကျော်သူရက မြစိမ်းရောင် စီမံကိန်း၊ VDPစီမံကိန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများနှင့် အားနည်းချက်၊ အားသာချက်များအားလည်းကောင်း ရှင်းလင်းတင်ပြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင် ဦးဝင်းအောင်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သက်ဆိုင်ရာဌာနများအလိုက် တင်ပြချက်များအား ပြန်လည်ဆွေးနွေးကာလိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ လယ်ဝေးမြို့အမှတ်(၁)ရပ်ကွက်ရှိ ဝေဖြိုးဆန်စက်သို့ သွားရောက်လေ့လာ၍ မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ အသေးစားစက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment