ဘူးသီးတောင်မြို့တွင် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့တွင် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

 


MNP - မေ   ၁၈


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ ညနေပိုင်းက စတင်ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဘူးသီးတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးသန်းဌေးက မိုးစပါး စိုက်ပျိုးစရိတ်ထုတ်ယူမည့် တောင်သူများအား ချေးငွေစာချုပ်ပါ စည်းကမ်းချက်များနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ချေးယူငွေများအား သတ်မှတ်ကာလအတွင်း အပြေအကျေ ပြန်လည်ပေးဆပ်ကြရေးတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ပြန်လည်ပေးဆပ်မှု အားကောင်းသော သရက်ကင်းမနု ကျေးရွာအုပ်စုမှ တောင်သူ (၁၂)ဦးတို့၏ စိုက်ပျိုးဧက (၁၇)ဧကအတွက် တစ်ဧကလျှင် (၁၅၀၀၀၀) ကျပ်နှုန်းဖြင့် ချေးငွေပေါင်း ငွေကျပ်( ၂၅၅၀၀၀၀ )အား စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အတွက် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ကျေးရွာအုပ်စု(၃၅)အုပ်စုမှ တောင်သူ (၁၈၉၀) ဦး၏ လယ်ဧကပေါင်း(၇၇၄၄ ) ဧကကို တစ်ဧကလျင် တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ်(၁၁၆၁၆) သိန်း ထုတ်ချေးပေးရန် လျာထားကြောင်း၊ အတိုးနှုန်းတစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း၊ ချေးငွေပြန်လည်ပေးဆပ်ရန် နောက်ဆုံးသတ်မှတ်ရက် ကျော်လွန် ပါက ကျသင့်သောအတိုးအပြင် ကျော်လွန်သောကာလအတွက် ငွေကျပ်တစ်ရာလျှင် တစ်လ (၅၀ ပြား) နှုန်းဖြင့် ဒဏ်တိုး ပေးဆောင်ရမည်ဖြစ်ပြီး အချိန်စေ့လွန် ကြွေးကျန်မရှိသော တောင်သူများကို ဦးစားပေး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးခြင်းနှင့် ပြန်လည်ပေးဆပ်သော တောင်သူများကို လက်ခံခြင်းအား တပြိုင်တည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လယ်ယာမြေပိုင်ဆိုင် ခွင့်ပုံစံ(၇) အထောက်အထားနှင့် တစ်ဦးချင်းအာမခံစနစ်ဖြင့် စိုက်ပျိုးချိန်အမှီ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးသန်းဌေးက ပြောသည်။


သတင်း - လှကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)