သမိုင်းဝင်ကောင်းမှုလုံစေတီတော်၊ ရွှေစည်းခုံစေတီတော်နှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးများအား ဗုဒ္ဓဘိသေကအနေကဇာတင် မင်္ဂလာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမိုင်းဝင်ကောင်းမှုလုံစေတီတော်၊ ရွှေစည်းခုံစေတီတော်နှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးများအား ဗုဒ္ဓဘိသေကအနေကဇာတင် မင်္ဂလာကျင်းပ

 


MNP - မေ   ၁၉


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ရှိ သမိုင်းဝင်ကောင်းမှုလုံစေတီတော်၊ ရွှေစည်းခုံစေတီတော်နှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးများအား ယနေ့နံနက် ၈ နာရီမှစတင်၍ ဗုဒ္ဓဘိသေက အနေကဇာတင်မင်္ဂလာ ကျင်းပခဲ့သည်။


ကချင်ပြည်နယ် သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်နာယက ကချင်ပြည်နယ် သဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသည့် ဆရာတော်သံဃာတော် (၃၁)ပါးက “အနေကဇာတိသံသာရံ” အစရှိသည့် ဂါထာတော်မြတ်နှင့် ဗုဒ္ဓဘိသေကအနေကဇာတင်မင်္ဂလာကျင်းပရာ ပူတာအိုခရိုင်နှင့် မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက တက်ရောက်ကြည်ညိုခဲ့ကြသည်။


ဆက်လက်၍ ကောင်းမှုလုံစေတီတော်မြတ်ကြီး၏ မူလဘုရားဒါယကာများ၏ ရုပ်တုတော်များအား ရေစက်ချလှူဒါန်းပွဲကို အဆိုပါ စေတီတော်မြတ်ကြီးရှိ “တေဇသာလာ” ဓမ္မာရုံတော်တွင် ကျင်းပပြုလုပ်ရာ ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသည့် ဆရာတော် သံဃာတော် (၃၁)ပါး ကြွရောက်တော်မူပြီး ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဉာဏ်လင်းထွန်းနှင့် အဖွဲ့ဝင်များ အလှူရှင်များ တက်ရောက်ကာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများက ဆရာတော် ဘဒ္ဒန္တကေတုမာလာထံမှ ငါးပါးသီလတော်မြတ်ကို ခံယူဆောက်တည်၍ ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များအား နာယူကြည်ညိုခဲ့ကြသည်။


ထို့နောက် တာဝန်ရှိသူများနှင့် အလှူရှင်များက ကြွရောက်တော်မူလာသည့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုအစုစုဖြင့် ဆက်ကပ်လှူဒါန်းကာ တာဝန်ရှိသူများက စေတီတော်ဘက်စုံပြုပြင်မွမ်းမံရာတွင် ထည့်ဝင်လှူဒါန်းသည့် အလှူရှင်များနှင့် မူလဘုရားဒါယကာများ၏ ရုပ်တုတော်များ တည်ထားကိုးကွယ်နိုင်ရေး လှူဒါန်းကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


အဆိုပါ ကောင်းမှုလုံ သမိုင်းဝင်စေတီတော်ကြီးမှာ သာသနာတော်နှစ် ၂၂၄ ခုနှစ် ဘီစီ(၃၀၀)စုခန့်မှစတင်၍ သီရိဓမ္မာသောကမင်းကြီးဖြန့်ဝေသည့် ဘုရားရှင်၏ ဓာတ်တော်များမှ ဉာဏ်တော်(၇)တောင်ရှိ စေတီတော်မြတ်ကြီးအဖြစ် တည်ထားကိုးကွယ်လာခဲ့ရာမှ သာသနာသက္ကရာဇ် ၂၅၅၈ ခုနှစ်တွင် ၂၀၁၅ ခုနှစ် မေ ၄ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်မှာကြားမှုဖြင့် စေတီတော်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်ခဲ့ခြင်းဖြင့် ဉာဏ်တော် (၁၀၈)ပေအထိရှိခဲ့ပြီး ယခုအခါ ဗုဒ္ဓဘာသာဝင် ပြည်သူအများ ကြည်ညိုဖူးမြှော်ရာတွင် ဘုရားဖူးပြည်သူများအနေဖြင့် ဘုရားသမိုင်းအား သိရှိနိုင်ရန် ဘုရားဒါယကာ (၈)ဦး၏ ရုပ်တုတော် (၈)ခုအား ထုဆစ်လှူဒါန်းခြင်းဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစောနွဲ့တန်ဆိုင်ထံမှ သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)