Pages

Pages

မြင်းခြံခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်ပင်ပေါင်း (၂) သိန်းကျော် စိုက်ပျိုးပြီးဖြစ်






MNP - မေ   ၂၃


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်အတွင်း သစ်ပင်ပေါင်း (၂) သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမော်နိုင်ထံမှ သိရသည်။


“မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်များမှာ ၂၀၂၁- ၂၀၂၂ (၆) လ ဘဏ္ဍာနှစ်အတွင်း သစ်ပင်ပေါင်း (၂၀၂၆၈၂) ပင် စိုက်ပျိုးခဲ့ပါတယ်။ စိုက်ပျိုးတဲ့နေရာမှာ ရေဝေရေလဲစိုက်ခင်း၊ အထူးစိမ်းစိုက်ခင်း၊ ကျေးရွာသုံးစိုက်ခင်း၊ တောင်တန်းစိုက်ခင်း၊ အခြားစိုက်ခင်းဆိုပြီး ခွဲခြားထားပါတယ်။ မြင်းခြံမြို့နယ်မှာ ရေဝေရေလဲစိုက်ခင်းအတွက် ပျိုးပင်ပေါင်း (၁၀၀၇၅) ပင်၊ အထူးစိမ်းစိုက်ခင်းအတွက် ပျိုးပင်ပေါင်း (၈၆၂၅) ပင်၊ တောင်သာမြို့နယ်မှာ ရေဝေရေလဲစိုက်ခင်းအတွက် ပျိုးပင်ပေါင်း (၁၄၁၀၅) ပင်၊ တောင်တန်းစိုက်ခင်းအတွက် ပျိုးပင်ပေါင်း (၃၀၂၂၅) ပင်၊ ကျေးရွာသုံးစိုက်ခင်းအတွက် ပျိုးပင်ပေါင်း (၃၇၈၀၀) ပင်၊ အထူးစိမ်းစိုက်ခင်းအတွက် ပျိုးပင်ပေါင်း (၄၀၀၀)ပင်၊ နွားထိုးကြီးမြို့နယ်မှာတော့ ရေဝေရေလဲစိုက်ခင်းအတွက် ပျိုးပင် ပေါင်း (၈၀၆၀) ပင်၊ ကျေးရွာသုံးစိုက်ခင်းအတွက် ပျိုးပင်ပေါင်း (၃၅၁၀၀)ပင်၊ အထူးစိမ်းစိုက်ခင်း အတွက် ပျိုးပင်ပေါင်း (၅၃၂၂)ပင်၊ အခြားစိုက်ခင်းအတွက် ပျိုးပင်ပေါင်း (၃၀၂၅၀)ပင်၊ ငါန်းဇွန်မြို့နယ်မှာတော့ အထူးစိမ်းစိုက်ခင်းအတွက် ပျိုးပင်ပေါင်း (၁၃၅၀၀)ပင်၊ အထူးစိမ်းစိုက်ခင်းအတွက် ပျိုးပင်ပေါင်း (၅၆၂၅) ပင် စုစုပေါင်း ပျိုးပင် (၂၀၂၆၈၂) ပင် စိုက်ပျိုးနိုင်ခဲ့ပါတယ်”ဟု လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမော်နိုင်က ပြောသည်။


ပျိုးပင်များ စိုက်ပျိုးသည့်နေရာမှာ မိုး(၂)ကြိမ်/ (၃)ကြိမ် ရွာသွန်းပြီး လုံလောက်သည့် မြေအစိုဓာတ် (၄) လက်မကနေ(၆) လက်မအထိ ရရှိပါက စတင်စိုက်ပျိုးနိုင်ကြောင်း သိရသည်။ သစ်ပင်များ စိုက်ပျိုးရာတွင် ရေဝေရေလဲစိုက်ခင်း၊ တောင်တန်းစိုက်ခင်းများ၏ ကျင်းအနေအထားမှာ အကျယ် (၄)ပေ၊ (၁)ပေခွဲ၊ အနက် (၂)ပေခွဲ၊ အထူးစိမ်းစိုက်ခင်း၊ အခြားစိုက်ခင်း၊ ကျေးရွာသုံးစိုက်ခင်းများ၏ ကျင်းအနေအထားမှာ အကျယ် (၃) ပေ ပတ်လည်၊ အနက် (၂) ပေ ကျင်းတူးရကြောင်း သိရ သည်။


“ရေဝေရေလဲစိုက်ခင်းဆိုတာ နိုင်ငံတော်က ငွေကြေးအကုန်အကျမျာစွာဖြင့် တည်ဆောက်ထားသည့် ရေလှောင်တမံများ၊ ဆည်များနှင့် အရေးကြီးသော မြစ်ချောင်းများ၏ ရေဝေရေလဲဒေသများအား အစဉ်တည်တံ့အောင် ထိန်းသိမ်းနိုင်ရန်နှင့် ပျက်စီးပြုန်းတီးနေသော သဘာဝသစ်တောများအတွင်း၌ သစ်တောများ ပြန်လည်တည်ထောင်ရန်အတွက် စိုက်ပျိုးခြင်း ဖြစ်ပါတယ်။ တောင်တန်းစိုက်ခင်းကတော့ အပူပိုင်းဒေသအတွင်းရှိ အပေါ်ယံမြေလွှာပျက်စီးနေပြီး သဘာဝသစ်တောဖုံးလွှမ်းမှု အလွန်နည်းပါးလျက်ရှိသည့် တောင်ကုန်းတောင်တန်းများနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်း ဆောင်ရွက်ရန် အထူးလိုအပ်နေသော တောင်တန်းတစ်ခုချင်းအလိုက် အထူးအလေးပေး ရွေးချယ်စိုက်ပျိုးသည့် စိုက်ခင်း ဖြစ်ပါတယ်။ ကျေးရွာသုံးစိုက်ခင်းကတော့ ကျေးလက် နေပြည်သူများ၏ လိုအပ်ချက် ဖြစ်သည့် သစ်၊ တိုင်၊ မျော၊ ထင်းစသည့် သစ်တောထွက်ပစ္စည်းများကို ဖြည့်ဆည်းပေးရန် ရည်ရွယ် ၍ စိုက်ပျိုးသည့် စိုက်ခင်းအမျိုးအစား ဖြစ်ပါတယ်။ အခြားစိုက်ခင်း တွေကတော့ အပူပိုင်းဒေသအတွင်းရှိ မြို့/ရွာ၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် အခြားစိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ရန်အတွက် လိုအပ်သောနေရာများ၌ သီးခြားတည်ဆောက်စိုက်ပျိုးရသော သစ်တောစိုက်ခင်း အမျိုးအစား ဖြစ်ပါတယ်" ဟု မြင်းခြံခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမော်နိုင်က ပြောသည်။


ရေဝေလဲစိုက်ခင်း၊ တောင်တန်းစိုက်ခင်း၊ ကျေးရွာသုံးစိုက်ခင်းနှင့် အခြားစိုက်ခင်းများအတွက် စိုက်ပျိုးရမည့် ပျိုးပင်များမှာ ပျိုးသက်ကာလ အနည်းဆုံး (၆) လ ပျိုးပင်အမြင့် (၂၈) လက်မ ရှိရပါ မယ်။ အထူးစိမ်းစိုက်ခင်းမှာတော့ ပျိုးသက် နှစ်ချို့အပင်များဖြစ်ပြီး ပျိုးပင်အမြင့် (၂) ပေအထက်ရှိ သည့် ပျိုးပင်များကို စိုက်ပျိုးပါတယ်။


အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦစီးဌာန၏ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အပူပိုင်းဒေသ စိမ်းလန်စိုပြည်သာယာ လှပစေရန်၊ ရေ၊ မြေ သဘာဝဝန်းကျင်ကို ထိန်းသိမ်းရန်၊ ကျေးလက်နေပြည်သူများ၏ အခြေခံ သစ်တောထွက် ပစ္စည်းလိုအပ်ချက်များကို ဖြည့်ဆည်းရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ထာဝစဉ်ဖွံ့ဖြိုး တိုးတက်စေရန်၊ သစ်တော၊ သစ်ပင်များ၏ တန်ဖိုးနှင့်အနှစ်သာရကို ဒေသနေပြည်သူများ သိရှိ နားလည်စေရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူလူထု အသိပညာမြှင့်တင်ရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို တိုးတက်ရရှိစေရန်၊ ရာသီ ဥတုမျှတကောင်းမွန်လာခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေရန်၊ သဲကန္တာရဖြစ်ထွန်းမှု ကို ကာကွယ်တားဆီးရန် စသည့် ရည်ရွယ်ချက်များဖြင့် သစ်ပင်များ စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရ သည်။


အဆိုပါ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လအတွင်း စိုက်ပျိုးထားသည့် ပျိုးပင်များမှာ ယူကလစ်၊ ရှား၊ တမာ၊ ယင်းမာ၊ မြန်မာကုက္ကိုလ်၊ ဖျောက်ဆိတ်၊ ဒဟတ်၊ မြင်ဝါး၊ မယ်ဇလီ စသည့် ပျိုးပင်များ ဖြစ်သည်။ စိုက်ပျိုးခဲ့သည့် ပျိုးပင်များအား ၂၀၂၂ ခုနှစ် ဇွန်လမှ ဩဂုတ်လအထိ မြို့နယ်အလိုက် သစ်ပင် ဖာထေးခြင်းလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment