Pages

Pages

မိတ္ထီလာခရိုင်တွင် ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်း ဆောင်ရွက်မည်ဖြစ်

 


MNP - မေ  ၂၇


မိတ္ထီလာခရိုင်တွင် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင်အဆင်ပြေစေရန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၁၈၉ သန်းကျော်ဖြင့် ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဒေသခံကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များသယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရေး နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၁၈၉.၄၀၂ သန်းဖြင့် မိတ္ထီလာမြို့နယ် ဂွေ့အိုင်ကျေးရွာအုပ်စု တည်ပင်တဲကျေးရွာနှင့် လယ်ကွင်းအမှတ် ၆၄၉ သို့ ဆက်သွယ်သောလမ်းအား မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert နှစ်စင်း၊ ရေပြွန်သုံးစင်းနှင့် ရေကျော်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မလှိုင်မြို့နယ် အိမ်ကြီးတောကျေးရွာအုပ်စု အိမ်ကြီးတောကျေးရွာ ကွင်းအမှတ် ၂ မှ ကွင်းအမှတ် ၃ သို့ ဆက်သွယ်သောလမ်းအား မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert တစ်စင်း၊ ရေပြွန်နှစ်စင်းနှင့် ရေကျော်တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းအပြင် ဝမ်းတွင်းမြို့နယ် ရာသင်္ချာကျေးရွာအုပ်စု ကျားသေကန်ကျေးရွာအရှေ့ဘက် ကွင်းအမှတ် ၁၁၄၇ သို့ ဆက်သွယ်သောလမ်းအား မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert နှစ်စင်းနှင့် ရေပြွန်နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။


အဆိုပါကျေးလက်ကုန်ထုတ်လမ်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာရှစ်ရွာမှဒေသခံလူဦးရေ ၃၅၀၆ ဦး၊ စိုက်ပျိုးဧက ၂၂၃၄ ဧကတို့အား အကျိုးပြုသွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment