Pages

Pages

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပန်းခင်းစီမံချက်တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ရခိုင်ပြည်နယ်မှဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ပေး


MNP ၊ မေ ၂၈

ရခိုင်ပြည်နယ် ပန်းခင်းစီမံချက် ပြည်နယ်လုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို ယမန်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးအောင်ကျော်စိုး၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးထိန်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပန်းခင်းစီမံချက်သည်၂၀၂၁ ခုနှစ်မေ၃ ရက်မှ ၂၀၂၂ ခုနှစ်နိုဝင်ဘာ၃ ရက်အထိ ၁၈ လကြာသတ်မှတ်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရန်ရှိသည့် လျာထားချက်များအတိုင်း ပြည့်မီပြီးစီးအောင်ဆောင်ရွက်ကြရမည့် စီမံချက်တစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းစီမံချက်သည် ယခုအခါ စီမံချက်ကာလတစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယင်းကာလအတွင်း ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်၊ မန္တလေး၊ တနင်္သာရီနှင့် မကွေး စသည့်တိုင်းဒေသကြီးခြောက်ခုသည် တိုင်းလုံးကျွတ်လျာထားချက်ပြည့်မီ အောင်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ယခု ရခိုင်ပြည်နယ်သည်လည်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရန် ၁၅၇၈၀၆ ကတ်လျာထားရာ ယခုအထိ ၁၈၃၃၉၉ ကတ် (၁၁၆ ဒသမ ၂၂) ရာခိုင်နှုန်းထုတ်ပေးပြီးစီးပြီဖြစ်သည့်အတွက် ခုနစ်ခုမြောက် ပြည်နယ်လုံးကျွတ် ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့သည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလအတွင်း လျာထားချက်ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်အောင်ဆောင်ရွက်ပြီး ဖြစ်သော်လည်း မှတ်တမ်းများစနစ်တကျဖြစ်စေရေးနှင့် မှန်ကန်စေရေးအတွက် မြို့နယ်အချင်း ချင်း၊ ခရိုင်အချင်းချင်း၊ အပြန်အလှန်စစ်ဆေးဆောင်ရွက်ခြင်းကိုလည်း ဆက်လက်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားများကို နိုင်ငံသားကတ်ထုတ်ပေးခြင်းသည် လုပ်ငန်းသဘော သဘာဝအရ စဉ်ဆက်မပြတ်ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ရာ အားလုံးကဆက်လက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ကွင်းဆင်းဆောင်ရွက်ခဲ့မှုမှတ်တမ်း ဗီဒီယိုကိုပြသသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပန်းခင်းစီမံချက်ကို တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ပန်းခင်းစီမံချက်တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ရခိုင်ပြည်နယ်မှဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ပေးကာရာထူးအဆင့်များကို တပ်ဆင်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ပန်းခင်းစီမံချက်အောင်မြင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများနှင့်ဦးစီးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ထို့နောက် ရခိုင်ရိုးရာမဟာနွယ်သီချင်းဖြင့်ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ခန်းမအတွင်းခင်းကျင်းပြသထားသည့် မြို့နယ်အသီးသီး၏ပန်းခင်းစီမံချက်ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ မြို့နယ်အလိုက် လျာထားချက်ပြီးစီးမှုအထောက်အထား မှတ်တမ်းစာရွက်စာတမ်းများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူနှင့် သံတွဲ စသည့်ခရိုင်ငါးခု၊ မြို့နယ် ၁၇ မြို့နယ်၊ ရပ်ကွက် ၁၈၉ ခု၊ ကျေးရွာအုပ်စု၁၀၃၇ အုပ်စု၊ ကျေးရွာပေါင်း ၃၇၃၈ ရွာရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅၇၈၀၆ ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခု၁၈၃၃၉၉ ကတ်၊ ရာခိုင်နှုန်းအားဖြင့် (၁၁၆ ဒသမ ၂၂) ရာခိုင်နှုန်း ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့သည့်အတွက် ပြည်နယ်လုံးကျွတ်လျာထားချက် ရာခိုင်နှုန်းပြည့်မီ ကျော်လွန်ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် စစ်တွေမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ဝန်ထမ်းများက ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) ပါ အချက်အလက်များအား ကွန်ပျူတာဖြင့် ဖြည့်သွင်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment