MNP - မေ ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၁၀)နာရီ အချိန်ခန့်က Booster အပိုဆောင်းကာကွယ်ဆေးကို အသက်(၄၀)နှစ်အထက် ပြည်သူ (၁၁၀)ဦး အား အပိုဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster အပိုဆောင်းကာကွယ် ဆေးထိုးနှံသူ ကျား(၃၆)ဦး၊ မ (၇၄)ဦး စုစုပေါင်း (၁၁၀) ဦး တို့အား မိုင်းငေါ့ တိုက်နယ် ကျန်းမာရေးဌာမှ ကျန်းမာရေး ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့်အဖွဲ့က မိုင်းငေါ့မြို့ ဈေးရပ်ကွက် ဘုန်းတော်ကြီးကျောင်းရှိ အတုလဇေယျာ ဆောင်ဓမ္မာရုံတွင် ထိုးနှံပေးခဲ့ပါသည်။
ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊စသည့် ကျန်းမာရေး စစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ် ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
သတင်း - မြင့်သွယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment