ပြည်ပနိုင်ငံများသို့ ခရီးသွားသူများအတွက် အာဆီယံနိုင်ငံများအသိအမှတ်ပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate) ကို ထုတ်ယူကြပါစို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပနိုင်ငံများသို့ ခရီးသွားသူများအတွက် အာဆီယံနိုင်ငံများအသိအမှတ်ပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate) ကို ထုတ်ယူကြပါစို့




ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်း စီမံခန့်ခွဲမှုလုပ်ငန်း ဆောင်ရွက်ရာ၌ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုနှင့် ကာကွယ်ဆေး ဖြန့်ဝေသုံးစွဲမှုများကို ဆန်းစစ်ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းများ ထုတ်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိရာတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) သတင်း နည်းပညာဌာန၏ နည်းပညာအထောက်အပံ့ဖြင့် ဆောင်ရွက်သည့် အီလက်ထရောနစ်သတင်းအချက် အလက်စနစ်ဖြစ်သည့် ကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှု သတင်း အချက်အလက်စနစ် (Vaccina-tion Management Information System-VMIS) ကို (၂၀၂၁) ခုနှစ်၊ ဇူလိုင်လမှစတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါစနစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများမှ ကာကွယ်ဆေးထိုးနှံ ပေးသူ တစ်ဦးချင်း၏ ကာကွယ်ဆေး ထိုးခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို စာရင်းသွင်း၍ မှတ်တမ်းတင် ထားရှိပါသည်။


ပြည်ပနိုင်ငံများသို့ ခရီးသွားမည့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထား (COVID-19 Vaccination Electronic Certificate) ကို (၇-၄-၂၀၂၂) ရက်နေ့မှ စတင်၍ အွန်လိုင်းစနစ်ဖြင့် ကျန်းမာရေးဝန်ကြီး ဌာန၏ အင်တာနက်စာမျက်နှာ ဖြစ်သည့် https://c19vc.moh.gov.mm တွင် လျှောက်ထားရယူနိုင်ပြီ ဖြစ်ပါသည်။ ထိုသို့ လျှောက်ထားနိုင်ရန်အတွက် လျှောက်ထားမည့်သူအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူဖြစ်ခြင်း၊ ကာကွယ်ဆေးထိုး အချက်အလက်များအား VMIS စနစ်တွင် စာရင်းသွင်းမှတ်တမ်းတင်ထားရှိပြီး ဖြစ်၍ VMIS စနစ်မှ မြန်မာဘာသာဖြင့် ထုတ်ပေး သည့် QR code နှင့် Check ID ပါသည့် ကာကွယ် ဆေးထိုးမှတ်တမ်းရှိသူဖြစ်ခြင်း၊ ပြည်ပသို့ ခရီးသွား မည့်သူများအား ရည်ရွယ်သည့်အတွက် နိုင်ငံကူး လက်မှတ် (Passport) လက်ဝယ်ကိုင်ဆောင် ထား သူဖြစ်ခြင်းနှင့် အဆိုပါ နိုင်ငံကူးလက်မှတ် (Passport) သည် သက်တမ်း (၆)လနှင့် အထက်ရှိသူ ဖြစ်ရပါမည်။


ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာမှတစ်ဆင့် ကာကွယ်ဆေးထိုးနှံပြီး ကြောင်း အထောက်အထားလျှောက်ထားရာတွင် လျှောက်ထားသူ၏ အမည်၊ အဘအမည်၊ နိုင်ငံကူး လက်မှတ်နံပါတ် (Passport Number)၊ မြန်မာ ဘာသာဖြင့် ထုတ်ထားသော VMIS ကာကွယ် ဆေးထိုးမှတ်တမ်းပေါ်ရှိ Check ID (CHK_ID)၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ စသည့်အချက် အလက်များ ဖြည့်သွင်းရန်လိုအပ်ပြီး လျှောက်ထား သူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (အရှေ့ဘက်)၊ နိုင်ငံကူးလက်မှတ်တွင် ဓာတ်ပုံနှင့် အချက်အလက်များ (Bio data) ပါရှိသည့် စာမျက်နှာနှင့် VMIS မြန်မာဘာသာဆေးထိုးမှတ်တမ်းတို့၏ ဓာတ်ပုံဖိုင် (*.JPEG/JPG) များတွဲ၍ လျှောက်ထားရပါမည်။ အချက်အလက်များစုံလင်စွာ ဖြည့်သွင်းပြီးပါက CB Pay, Citizen Pay, UAB Pay, KBZ Pay တို့ကို အသုံးပြု၍ မိုဘိုင်းငွေပေးချေမှုစနစ် (Mobile Payment) ဖြင့် လျှောက်ထားသူ တစ်ဦးလျှင် ငွေ (၅,၀၀၀)ကျပ်နှင့် မိုဘိုင်းငွေပေးချေမှု အသုံးပြုမှုအတွက် ငွေလွှဲခ (Transaction Charge) (၂၀၀)ကျပ်၊ စုစုပေါင်း (၅,၂၀၀)ကျပ် ပေးသွင်းရမည် ဖြစ်ပါသည်။


လျှောက်ထားသူများသည် အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းလျှောက်ထားပါက ရုံးဖွင့်ရက် ငါးရက်အတွင်း ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထား မှတ်တမ်းအား စတင်လျှောက်ထားရာ အင်တာနက် စာမျက်နှာဖြစ်သည့် ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ https://c19vc.moh.gov.mm တွင် Check ID (CHK_ID) နှင့် နိုင်ငံကူး လက်မှတ်နံပါတ် အသုံးပြု၍ ပြန်လည်ရယူနိုင်ပါသည်။


လျှောက်ထားသူမှ ဖြည့်သွင်းသည့် အချက်အလက်များနှင့် VMIS စနစ်တွင် မှတ်တမ်းတင်ထား သည့်အချက်အလက်များ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှသာ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရော နစ် အထောက်အထားမှတ်တမ်းအား ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ထုတ်ပေးခြင်း ဖြစ်ပါသည်။ လျှောက်ထားသူများအနေဖြင့် ကာကွယ်ဆေးထိုးမှတ်တမ်းတွင် ပါရှိသော အချက်အလက်များသည် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် နိုင်ငံကူးလက်မှတ်တွင် ဖော်ပြထားသည့် အချက် အလက်များတူညီခြင်း ရှိ/မရှိ လျှောက်ထားခြင်း မပြုမီ ကြိုတင်၍ စိစစ်ရမည်ဖြစ်ပါသည်။ အချက်အလက်ကွဲလွဲမှုများရှိပါက ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့သည့် သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဆေးရုံ၊ ဆေးထိုးစင်တာများတွင် အမှားပြင်ဆင်ခြင်းများ ဦးစွာပြုလုပ်ပြီးမှ လျှောက်ထားရမည်ဖြစ်ပါသည်။


လျှောက်ထားသူများတွင် အချက်အလက် မပြည့်စုံသူများ သို့မဟုတ် အချက်အလက်မှားယွင်း နေသူများပါရှိပါက ထိုသူများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထား မှတ်တမ်း ထုတ်ယူရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာသို့ ဝင်ရောက်သည့်အခါတွင် မှတ်တမ်းအား ထုတ်ယူရရှိမည်မဟုတ်ပါ။ အင်တာနက် စာမျက်နှာတွင် မှားယွင်းနေသည့် အချက်အလက်များကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း ကို အသိပေး မည်ဖြစ်ပါသည်။ ထိုသို့ အသိပေးချက်ကို ရရှိပါက လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်၍ ပြန်လည်လျှောက်ထားနိုင်ပါသည်။ ထိုကဲ့သို့ အမှားပြင်ဆင် လျှောက်ထားခြင်းအတွက် နောက်တစ်ကြိမ် ငွေ ပေးသွင်းရန် မလိုအပ်ပါ။


အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပေးပြီး သည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက် ထရောနစ် အထောက်အထားမှတ်တမ်း ပျောက်ဆုံးပါက https://c19vc.moh.gov.mm တွင် Check ID (CHK_ID) နှင့် နိုင်ငံကူးလက်မှတ် နံပါတ်အသုံးပြု၍ အကြိမ်ရေ အကန့်အသတ်မရှိ ထပ်မံရယူခြင်း (download) ပြုလုပ်နိုင်ပါသည်။ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက် ထရောနစ် အထောက်အထားမှတ်တမ်းကို အင်တာနက်စာမျက်နှာမှတစ်ဆင့် လျှောက်ထားမှု နှင့်ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာရှိပါက ကျန်းမာရေးဝန်ကြီးဌာန၏ အီးမေးလ်လိပ်စာဖြစ်သည့် c19vc@mohs.gov.mm သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပေးသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်းရယူခြင်းဖြင့် ပြည်ပနိုင်ငံသို့ ခရီးသွားမည့်သူများအနေဖြင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်၏မှတ်တမ်းတွင် ပါရှိသည့် QR Code အား မည်သည့် မိုဘိုင်းဖုန်း သို့မဟုတ် တက်ဘလက်ဖြင့်မဆို Scan ဖတ်၍ အချက် အလက်များ ရယူနိုင်သည် ဖြစ်ပါသည်။ အဆိုပါ ကာကွယ်ဆေးထိုးမှတ်တမ်းအား ကိုင်ဆောင်ထားပါက သက်ဆိုင်ရာပုဂ္ဂိုလ်၏ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် ပတ်သက်၍ အလွယ်တကူ တိုက်ဆိုင် စိစစ်နိုင်သည့်အပြင် မည်သည့် နေ့ရက်များတွင် မည်သည့်ကာကွယ်ဆေး အမျိုးအစား ထိုးနှံထားကြောင်းကို အတည်ပြုချက် ရယူနိုင်ပါသည်။


ယခုအခါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံ ပြီးသူများအား အပြည်ပြည်ဆိုင်ရာခရီးသွားလာမှု ကဏ္ဍတွင် ဖြေလျှော့ပေးမှုများစွာ ဆောင်ရွက်ပေးနေ ခြင်းနှင့်အတူ ပြည်ပမှ ဝင်ရောက်လာမည့် ခရီးသွားများ ကိုင်ဆောင်မည့် ကာကွယ်ဆေးထိုးမှတ်တမ်းများကို နိုင်ငံအချင်းချင်း အသိအမှတ်ပြုနိုင်ရန် အထူးလိုအပ်လျက်ရှိပါသည်။ အာဆီယံနိုင်ငံများ အချင်းချင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး မှတ်တမ်းများ အပြန်အလှန် အသိအမှတ်ပြုနိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ ဖြစ်သည့် https://c19vc.moh.gov.mm မှ တစ်ဆင့် ထုတ်ပေးသည့် ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate) အား အာဆီယံနိုင်ငံများအချင်းချင်း ကာကွယ် ဆေးထိုးမှတ်တမ်းများ အပြန်အလှန်အသိအမှတ် ပြုခြင်းစနစ် (ASEAN Single QR Code Verification Portal) တွင် တရားဝင်အသိအမှတ်ပြုနိုင်ရေးနှင့် စပ်လျဉ်း၍ ၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့၌ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံကျန်းမာ ရေးဝန်ကြီးများအစည်းအဝေး (15th ASEAN HEALTH MINISTERS MEETING) တွင် အတည်ပြုပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၁၅-၅-၂၀၂၂) ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ခရီးသွားမည့်သူများအတွက် အထက်ဖော်ပြပါ ကာကွယ်ဆေးထိုးနှံပြီး ကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်းအား ASEAN Covid-19 Vaccine Certificate Single Verification Portal ဖြစ်သော https://asean.healthverify.org မှတစ်ဆင့် စိစစ်အတည်ပြုခြင်းကို ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်း ထုတ်ပေးသည့်စနစ်နှင့် ကာကွယ်ဆေးထိုးလုပ်ငန်းစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်(VMIS)တို့ ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) သတင်းနည်းပညာဌာနမှ နည်းပညာ ကျွမ်းကျင်သူများက ကူညီပေးလျက်ရှိပြီး မြန်မာနိုင်ငံမှ ထုတ်ပေးသည့် ကာကွယ်ဆေးထိုးနှံပြီး ကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်းအား အနောက်နိုင်ငံများအတွင်း အသိအမှတ်ပြုမှု အစီ အစဉ်ဖြစ်သည့် European Union Digital COVID Certificate (EU DCC) တွင် ပါဝင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။


မိဘပြည်သူများအနေဖြင့် မိမိတို့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားသည့် အချက် အလက်များအား ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုနေသည့် ကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (VMIS) တွင် မပျက်မကွက် စာရင်းမှတ်တမ်း ထားရှိကြပါရန်နှင့် ပြည်ပ သို့ ခရီးသွားရန်ရှိပါက ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုနှင့် ပတ်သက်၍ ခိုင်လုံသည့် အထောက်အထားဖြစ်သော အာဆီယံနိုင်ငံ အချင်းချင်း အသိအမှတ် ပြုမှုရရှိထားသည့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပေးသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate)အား ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ https://c19vc.moh.gov.mm မှတစ်ဆင့် လျှောက်ထားရယူကြပါရန် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)