Pages

Pages

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့် ရက်တိုသင်တန်းဖွင့်ပွဲတက်ရောက်

 







MNP ၊   မေ   ၂၃

စစ်တွေမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်ရက်တိုသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များတက်ရောက်ကြသည်။ 


သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ တာဝန်ယူစဉ်ကာလအတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံအုပ်ချုပ်ရေး ကိစ္စ များကို ဆောင်ရွက်ရာတွင် အဆင့်ဆင့်သော ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်စုအဆင့်အထိ အရေးကြီးသည့်ကဏ္ဍမှ ပါဝင်နေပြီး ပြည်နယ်အစိုးရအဖွဲ့အတွက် အဓိကမောင်းနှင် အားကိုပေးသည့် အင်ဂျင်စက်နှင့် တူညီသည်ဟု တင်စားပြီး ပြောကြားလိုပါကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝဆိုသည်မှာလည်း ကျန်းမာရေး၊ ပညာရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုး ရေးစသည့်အချက်များအပြင် သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ လမ်း၊ တံတား၊ အဆောက်အဦများစသော အခြေခံအဆောက်အဦများပါဝင်ပါကြောင်း၊ ထိုကိစ္စများ တိုးတက်ဖွံ့ဖြိုးရေး အတွက် အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများက ပြည်သူလူထုနှင့် အတူအစွမ်းကုန်ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အထူးလိုအပ်ပါကြောင်း၊ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်၏ အခြေခံအကျဆုံး အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဖြစ်သကဲ့သို့ ပြည်သူလူထုနှင့် အနီးကပ်ထိတွေ့ဆက်ဆံဆောင်ရွက် နေရသည့် အဖွဲ့အစည်းများ ဖြစ်သည့်အတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသည့်ဟုဆိုနိုင်ကြောင်း၊ ဥပဒေနှင့် အညီလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများကို လိုက်နာစေရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ကြစေရေး၊ လုံခြုံရေးကို အလေးထား ဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ အတတ်နိုင်ဆုံး ပါတီနိုင်ငံရေးကင်းရှင်းပြီး ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေးနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်စေရန် ရည်ရွယ်ပြီး ယနေ့သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြာင်း၊ ယခု ရက်တိုသင်တန်းတက်ရောက်ရာတွင် ပို့ချချက်များအား စနစ်တကျ မှတ်သားသင်ယူကြစေလိုကြောင်းနှင့် သင်တန်းမှရရှိသော အတွေ့အကြုံများအား အသုံးချပြီး လက်တွေ့ဆောင်ရွက်မှုများနှင့် ပေါင်းစပ်ချင့်ချိန်သုံးသပ်ကာ အသုံးချပြီး ပြည်သူလူထုက ယုံကြည် လေးစားအားကိုးရသည့် အုပ်ချုပ်ရေးမှူးကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက် ပေးကြရန် အမှာစကားပြောကြားသည်။


ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် မြို့ရွာသန့်ရှင်း သာယာလှပရေးတို့အတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့ကို လမ်းညွှန်မှာကြားသည်။ ထို့နောက် သင်တန်းတက်ရောက်ကြမည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။


အဆိုပါသင်တန်းသို့ စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး (၆၀)ဦး တက်ရောက်ကြပြီး တပ်မတော်၊ ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ၃ ရက်ကြာဆွေးနွေးသင်ကြား ပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။

 

သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment