မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင် ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင် ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ



MNP ၊ မေ ၂၃

(၂၀၂၂) ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ထူးကဲစွာအများအပြား (Outbreak) ဖြစ်ပွားမလာစေရေး ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမတွင် semi-virtual ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ သန်း (၃၉၀)ခန့် ကူးစက်ဖြစ်ပွား လျက်ရှိရာ အရှေ့တောင်အာရှဒေသ၌ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ဖြစ်ပွားသူဦးရေ အများဆုံး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် (၂၀၂၁) ခုနှစ်တွင် ရရှိခဲ့သည့်  စာရင်းဇယားများအရ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း (၅,၄၄၆) ဦးရှိပြီး (၃၆) ဦး သေဆုံးခဲ့ပါကြောင်း၊ ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ ရရှိထားသော အချက်အလက်များအရ ရောဂါဖြစ်ပွားသူ (၁,၅၁၆) ဦးနှင့် သေဆုံးသူ (၂) ဦးရှိ၍ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားမှုများပြားနေလျက် ရှိပါကြောင်း၊ နှစ်စဉ် ရောဂါဖြစ်ပွားမှု  သုံးသပ်ချက်များအရ ယခုနှစ်သည် ရောဂါဖြစ်ပွားမှု ထူးကဲစွာများပြားသည့် Outbreak အသွင် ဖြစ်ပွားနိုင်ခြေ များပြားပါကြောင်း။


ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်ရမည်ဖြစ်ရာ ခြင်မှတဆင့် ကူးစက်သောရောဂါဖြစ်သည့်အတွက် ခြင်ပေါက်ပွားမှုမရှိစေရေး ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခြင်ကျား ပိုးလောက်လမ်းနှင့် သက်ကြီးကောင်ခြင် နှိမ်နင်းခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ခြင်ကိုက် မခံရအောင် နေထိုင်ခြင်းနှင့် ကျောင်းများတွင် ခြင်ကျားနှင့် ခြင်ကျားပိုးလောက်လမ်း ကင်းစင်ကျောင်းများ ထူထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။


သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းထက် နှီးနွယ်ဝန်ကြီးဌာနများ၊ အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ ထို့အတူ မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီများတို့၏ ပံ့ပိုးကူညီပေးမှုများ လိုအပ်ပါကြောင်း။


သွေးလွန်တုပ်ကွေးရောဂါ ကျန်းမာရေးအသိပညာပေးရန် လိုအပ်ပါကြောင်း၊ ကျောင်းဖွင့်ရာသီ ရောက်ရှိသည့် အခါတွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်စဉ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက် ရန်ဖြစ်ပါကြောင်း။


အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် ပံ့ပိုးဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား သည်။


ယင်းနောက် ဒေါက်တာနေရည်ရည်လင်း၊ ဒုတိယညွှန်ကြားရေးမှူးမှ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်နှိမ်နင်းရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက် လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေး တင်ပြကြသည်။


ဆက်လက်၍    မွန်းလွဲ ၂ နာရီတွင် မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက လတ်တလော၌ အာဖရိက၊ အမေရိက၊ ဥရောပရှိ နိုင်ငံအချို့တွင် မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါ ဖြစ်ပွားမှုများ တွေ့ရှိလာ ရကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးချက် ထုတ်ပြန်ထားပါကြောင်း။


မြန်မာနိုင်ငံတွင်လည်း ကလေးငယ်များတွင် ရေကျောက်ရောဂါ (chickenpox) ဖြစ်ပွား တွေ့ရှိမှုများ ရှိလာသဖြင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရေး၊ ယခုအခါ ဖြစ်ပွားမှု မရှိတော့သော ကျောက်ကြီးရောဂါ (smallpox)၊ အလွန်ပြင်းထန်ခြင်းမရှိသော ရေကျောက်ရောဂါနှင့် လတ်တလော နိုင်ငံအချို့တွင် ကူးစက်မှုအသစ်များအဖြစ် တွေ့ရှိရသော monkeypox ရောဂါတို့၏ ရောဂါဖြစ်ပွားရာတွင် တွေ့ရှိရသော ရောဂါလက္ခဏာများတွင် ကွာခြားမှု၊ ဖြစ်နိုင်ခြေတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြစေရေး ကျန်းမာရေး အသိပညာများ မြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း။


မျောက်ကျောက် (Monkeypox) ရောဂါ၏ သဘောသဘာဝအရ မြန်မာနိုင်ငံတွင် ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း အဆိုပါ ကျောက်ရောဂါများနှင့် ပတ်သက်၍လည်းကောင်း၊ ရှိရင်းစွဲ ကူးစက်ရောဂါများနှင့် ပတ်သက်၍လည်းကောင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်‌ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။


ထို့အပြင် ရောဂါသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် လာရောက်ပြသနိုင်ရေး၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးနိုင်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း။


မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါသည် တိရစ္ဆာန်များတွင် ဖြစ်ပွားမှုမှ လူသို့ ကူးစက်တတ်သည် ဖြစ်၍ One Health Approach အရ မွေးမြူရေးနှင့် ကုသရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတို့ ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါနှင့်ပတ်သက်၍ နိုင်ငံတကာတွင် ကူးစက်ဖြစ်ပွားမှုများကို ဆက်လက် စောင့်ကြည့်ပြီး နိုင်ငံတွင်း လက်ရှိရောဂါ စောင့်ကြပ်ကြည့်ရှုမှု စနစ်ကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က ကမ္ဘာ့နိုင်ငံအချို့တွင် မျောက်ကျောက် (Monkeypox) ရောဂါ ဖြစ်ပွားမှု၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ အစည်းအဝေးသို့ တက်လာကြသော ညွှန်ကြားရေးမှူးချုပ်များ၊ Virtual စနစ်ဖြင့် တက်ရောက်လာကြသော ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါနှင့်ပတ်သက်၍ သုတေသနနှင့် ဓာတ်ခွဲမှုဆိုင်ရာ ပြင်ဆင်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)