ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုးအပါအဝင် NLD သူခိုးအုပ်စု တစ်စု အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူခံရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုးအပါအဝင် NLD သူခိုးအုပ်စု တစ်စု အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူခံရ


MNP ၊ မေ ၂၆

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်များအပေါ် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး အပါအဝင် NLD သူခိုးအုပ်စုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။


စစ်ဆေးတွေ့ရှိချက်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဟံထွန်းနှင့် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယ မြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦးနှင့် တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်း တို့သည် ကော်မတီတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သော ဖက်စပ်ကုမ္ပဏီ၏ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရန် ဒဂုံမြို့သစ် မြို့နယ်အတွင်းရှိ မြေကွက် နှစ်ကွက် ၅ ဧက ကျော်ကို ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် နှစ် ၆၀ မြေငှားစာချုပ် ဂရန်ထုတ်ပေးခဲ့ရာ၌ ပြည်တွင်းအခွန်များဦးစီးဌာန၏ သတ်မှတ်ဈေးနှုန်း တစ်စတုရန်းပေလျှင် ငွေကျပ် ၂၀၀၀၀ ခန့်နှုန်းဖြင့် တွက်ချက်ခြင်းမပြုဘဲ တစ်စတုရန်းပေလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းစေရန် ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် ငွေကျပ်သန်း ၄၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဟောင်းဦးဟံထွန်း၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး နှင့် တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်း တို့သည် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဖက်စပ်ကုမ္ပဏီ၏အမည်ဖြင့် စက်သုံးဆီ အရောင်းဆိုင်ဖွင့်လှစ်ရန် ဒဂုံမြို့သစ်မြို့နယ် အတွင်းရှိ မြေဧရိယာ ၆၃ ဧကကျော်ကို ၂၀၁၉ ခုနှစ်အတွင်း နှစ် ၆၀ မြေငှားဂရန် ထုတ်ပေးခဲ့ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာန၏သတ်မှတ်ဈေးနှုန်း တစ်ဧက လျှင် ငွေကျပ် သိန်း ၁၀၀၀ နှုန်းဖြင့် တွက်ချက်ခြင်းမပြုဘဲ တစ်စတုရန်းပေလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းစေရန် ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် ငွေကျပ်သန်း ၈၀၀ ကျော် နစ်နာခဲ့ကြောင်း၊ ထို့ပြင် ၎င်းဖက်စပ် ကုမ္ပဏီပိုင်မြေကို ကုမ္ပဏီ၏ ဒါရိုက်တာ အဖွဲ့ဝင်အမည်ဖြင့် ဂရန်ပြောင်းလဲပေးရန် ခွင့်ပြုခဲ့ပြီး၊ ၎င်းက အခြားပုဂ္ဂလိကကုမ္ပဏီ တစ်ခုသို့ ကျပ်သန်း ၆၅၇၀ ဖြင့် ပြန်လည်ရောင်းချခဲ့ခြင်းကြောင့် အဆိုပါမြေ ၆၃ ဧကကျော် ဆုံးရှုံးခဲ့ကြောင်း။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုးနှင့် တွဲဖက် အတွင်းရေးမှူးဟောင်း ဦးသန်း တို့သည် ကော်မတီတွင် တာဝန်ထမ်းဆောင်စဉ်ကာလ အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ကုမ္ပဏီတစ်ခုတို့ အကျိုးတူ ဆောင်ရွက်ခဲ့သော ကျောက်မီးသွေးထုတ်လုပ်မှုလုပ်ငန်းနှင့် ပတ်သက်၍ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ နှစ်များအတွင်း ဓာတ်သတ္တု တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်ပါ လိုက်နာဆောင်ရွက်ရမည့် အချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်း၊ စာချုပ်ပါစည်းကမ်းချက်များအတိုင်း ဆောင်ရွက်ခြင်းမပြုဘဲ ကျောက်မီးသွေးတစ်တန်၏ တွင်းဝဈေးနှုန်းကို မူလသတ်မှတ်ဈေး ငွေကျပ် ၇၇၀၀၀ ကျော်မှ ငွေကျပ် ၄၂၀၀၀ သို့ လျှော့ချခွင့်ပြုပေးခဲ့ခြင်း၊ လျာထားထုတ်လုပ် မှုကိုလျော့၍ ထုတ်လုပ်ရန် ခွင့်ပြုပေးခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်က ရရှိမည့် ဘဏ္ဍာငွေကျပ်သန်း ၅၅၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယ မြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦးနှင့် တွဲဖက် အတွင်းရေးမှူးဟောင်း ဦးသန်း တို့သည် ကော်မတီတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနက ပန်းဥယျာဉ်များရှိ လုပ်ငန်း ၂၁ ခုကို ကုမ္ပဏီများသို့ ငှားရမ်းစာချုပ် ချုပ်ဆိုခဲ့ရာတွင် ငှားရမ်းခနှုန်းထားများသည် ပြည်တွင်းအခွန်များဦးစီးဌာန၏ သတ်မှတ်ငှားရမ်းခ နှုန်းထားနှင့်အညီ သတ်မှတ်ငှားရမ်းခြင်းမရှိဘဲ ဈေးနှုန်းလျှော့ချငှားရမ်းခဲ့ခြင်းအပေါ် ခေတ်ကာလနှင့်လျော်ညီသည့် ငှားရမ်းခနှုန်းထားအတိုင်း သတ်မှတ်ကောက်ခံရန် စာရင်းစစ်ချုပ်ရုံးက အကြံပြုခဲ့သော်လည်း လိုက်နာဆောင်ရွက်မှုမရှိခြင်းကြောင့် နိုင်ငံတော်အနေဖြင့် တစ်နှစ်အတွက် ငှားရမ်းခ ငွေကျပ် သန်း ၂၁,၀၀၀ ကျော် နစ်နာခဲ့ကြောင်း။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦးနှင့် တွဲဖက် အတွင်းရေးမှူးဟောင်း ဦးသန်း တို့သည် ကော်မတီတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် မြို့တော်အသံလွှင့်လုပ်ငန်း (City FM)တွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်း၏လစာစရိတ်ကို စာချုပ်တွင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းကျခံရမည် ဖြစ်သော်လည်း နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲခဲ့၍ စာရင်းစစ်ချုပ်ရုံးမှ ပြုပြင်နိုင်ရေး အကြံပြု ကန့်ကွက်ခဲ့ခြင်း အပေါ် ပြင်ဆင်ဆောင်ရွက်မှု မရှိခဲ့သဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ၏ လစာစရိတ်များအတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် သန်း ၇၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း။


စစ်ဆေးပေါ်ပေါက်ချက်များအရ တာဝန်ရှိသူများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဟံထွန်းနှင့် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းနှင့် ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင် တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့မရဲစခန်း၌ ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)