Pages

Pages

PT နှင့် YP စက်သုံးဆီ အရောင်းဆိုင်များမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုးနှင့်အတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရ


MNP ၊ မေ ၂၈

NLD အစိုးရလက်လက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အပေးအယူများလုပ်၍ နိုင်ငံတော်ပိုင် မြေကွက်များကို တန်ရာတန်ကြေး ပေးသွင်းခြင်းမရှိဘဲ ရယူခဲ့သည့် PT နှင့် YP စက်သုံးဆီအရောင်းဆိုင်များ၏ ဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင် ဆိုသူကို အရေးယူထားကြောင်း သိရသည်။


၂၆-၅-၂၀၂၂ ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဟံထွန်း၊ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ ထားရှိမှုအခြေအနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ရာ -

စစ်ဆေးတွေ့ရှိချက်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဟံထွန်းနှင့် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယ မြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦးနှင့် တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်း တို့သည် ကော်မတီတွင် တာဝန်ထမ်းဆောင်စဉ်ကာလ အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သော ဖက်စပ်ကုမ္ပဏီ၏ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရန် ဒဂုံမြို့သစ် မြို့နယ်အတွင်းရှိ မြေကွက် နှစ်ကွက် ၅ ဧက ကျော်ကို ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် နှစ် ၆၀ မြေငှားစာချုပ် ဂရန်ထုတ်ပေးခဲ့ရာ၌ ပြည်တွင်းအခွန်များဦးစီးဌာန၏ သတ်မှတ်ဈေးနှုန်း တစ်စတုရန်းပေလျှင် ငွေကျပ် ၂၀၀၀၀ ခန့်နှုန်းဖြင့် တွက်ချက်ခြင်းမပြုဘဲ တစ်စတုရန်းပေလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းစေရန် ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် ငွေကျပ်သန်း ၄၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဟောင်းဦးဟံထွန်း၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး နှင့် တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်း တို့သည် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဖက်စပ်ကုမ္ပဏီ၏အမည်ဖြင့် စက်သုံးဆီ အရောင်းဆိုင်ဖွင့်လှစ်ရန် ဒဂုံမြို့သစ်မြို့နယ် အတွင်းရှိ မြေဧရိယာ ၆၃ ဧကကျော်ကို ၂၀၁၉ ခုနှစ်အတွင်း နှစ် ၆၀ မြေငှားဂရန် ထုတ်ပေးခဲ့ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာန၏သတ်မှတ်ဈေးနှုန်း တစ်ဧက လျှင် ငွေကျပ် သိန်း ၁၀၀၀ နှုန်းဖြင့် တွက်ချက်ခြင်းမပြုဘဲ တစ်စတုရန်းပေလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းစေရန် ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် ငွေကျပ်သန်း ၈၀၀ ကျော် နစ်နာခဲ့ကြောင်း၊ ထို့ပြင် ၎င်းဖက်စပ် ကုမ္ပဏီပိုင်မြေကို ကုမ္ပဏီ၏ ဒါရိုက်တာ အဖွဲ့ဝင်အမည်ဖြင့် ဂရန်ပြောင်းလဲပေးရန် ခွင့်ပြုခဲ့ပြီး၊ ၎င်းက အခြားပုဂ္ဂလိကကုမ္ပဏီ တစ်ခုသို့ ကျပ်သန်း ၆၅၇၀ ဖြင့် ပြန်လည်ရောင်းချခဲ့ခြင်းကြောင့် အဆိုပါမြေ ၆၃ ဧကကျော် ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

YP ကုမ္ပဏီသည် NLD အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ပူးပေါင်း၍ ဆီဈေးနှုန်းသက်သာစွာ ရောင်းချပေးမည်ဟု အကြောင်းပြ၍ နိုင်ငံတော်ပိုင်မြေကွက်များ၊ အများပြည်သူများပိုင် မြေကွက်များကို ဂရန်ထုတ်ယူသွားခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။


NLD အစိုးရလက်ထက် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာချိန်တွင် PT စက်သုံးဆီအရောင်းဆိုင်အပါအဝင် ဆီလုပ်ငန်းရှင်တချို့ပူးပေါင်း၍ YP စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် မီးရထားပိုင်မြေပေါ်တွင်လည်းကောင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် မူလပိုင်ရှင်များ ပြန်လည်လျှောက်ထားဆဲ မြေကွက်များကို ဂရန်ထုတ်ယူ၍လည်းကောင်း ရယူသွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ နစက သတင်းစာရှင်းလင်းပွဲများတွင် မြန်မာနေရှင်နယ်ပို့စ် က တင်ပြမေးမြန်းခဲ့ဖူးသည်။


အဂတိလိုက်စားမှု တိုက်ကာ်မရှင်၏ ထုတ်ပြန်ချက်တွင် PT နှင့် YP စက်သုံးဆီအရောင်းဆိုင်များ၏ အမည်များကို ဖော်ပြထားခြင်းမရှိပေ။


စစ်ဆေးပေါ်ပေါက်ချက်များအရ တာဝန်ရှိသူများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဟံထွန်းနှင့် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းနှင့် ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင် တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့မရဲစခန်း၌ တရားစွဲဆို ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment