Pages

Pages

အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်း (Real Time Audit) နှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကျင်းပ


MNP ၊ မေ ၂၇

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှစ၍ကျင့်သုံးမည့် အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်း (Real Time Audit) ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်)စုပေါင်းခန်းမတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။


ဆွေးနွေးပွဲသို့ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ခံအဆင့်မြင့်အရာရှိကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများတက်ရောက်ကြပြီး အဖွဲ့အစည်းများ၏ လက်အောက်ခံဦးစီးဌာန၊ အဖွဲ့အစည်းများမှ ဘဏ္ဍာရေးတာဝန်ခံအရာရှိ များ၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး တာဝန်ခံညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက Virtual System ဖြင့် တက်ရောက်ကြသည်။


ဆွေးနွေးပွဲ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ဒေါက်တာကံဇော်က ယခုအချိန်သည် နိုင်ငံတော်အနေ ဖြင့် ပြည်တွင်းဘဏ္ဍာငွေအရင်းအမြစ်အပေါ်မူတည်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာများအတွက် တိုးချဲ့ရင်းနှီးမြှုပ်နှံမှုများ၊ လုပ်ငန်းစီမံကိန်းများ ကိုအားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းစီမံကိန်းများကို အကောင် အထည်ဖော်ဆောင်ရွက်မည့် ဌာန၊ အဖွဲ့အစည်းများ၏ ပြည်သူ့ဘဏ္ဍာရန်ပုံငွေစီမံခန့်ခွဲမှုကို အထိရောက်ဆုံးနှင့် အကောင်းဆုံးနည်းလမ်းများဖြင့် ပြည်သူ့အကျိုးအတွက်ဆောင်ရွက်မှုများကို ထိရောက်စွာကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းဖြင့် အထောက်အကူပြုနိုင်စေရန် Real Time Audit ကိုဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ တစ်ပြိုင်တည်း၊ တစ်ချိန်တည်းကြီးကြပ်ခြင်းနှင့် စာရင်းစစ်ဆေးခြင်း (Concurrent Control, Monitoring, and Real Time Audit) သည် ယနေ့ကမ္ဘာမှာ ခေတ်အမီဆုံးနှင့်အထိရောက်ဆုံး ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုနည်းလမ်းဖြစ် ပါကြောင်း။


သို့ပါ၍ ဌာန၊အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့အကျိုးစီးပွားအတွက် လုပ်ငန်းစီမံကိန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယနေ့ရှင်းလင်းဆွေးနွေးမည့် Real Time Audit ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းခြင်း၊ ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခြင်းတို့ဖြင့် Real Time Audit အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Real Time Audit ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ စစ်ဆေးခြင်းဖြင့်ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ ဆောင်ရွက်မည့်အစီအစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။


ယင်းနောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှတာဝန်ခံအဆင့်မြင့်အရာရှိများကသိလိုသည်များကို ဆွေးနွေးမေးမြန်းကြပြီး မေးမြန်းမှုများအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတာဝန်ရှိသူများက ရှင်းလင်းဖြေကြား၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်နှင့် စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ပူးတွဲဆောင်ရွက်နိုင်မည့်လုပ်ငန်းများကို ပြန်လည်ဆွေးနွေးကြကာ ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment