MNP ၊ မေ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် "ဝ"ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ မှ ဒုဥက္ကဋ္ဌနှင့်အတူ ပြင်ပဆက်ဆံရေး ဒုဌာနကြီးမှူး ဦးပေါက်အိုက်ကော်နှင့် ပြင်ပဆက်ဆံရေးဌာန လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရန်း တို့ တက်ရောက်ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းမှုရှိမှသာလျင် ဒေသတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေးကို ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်မည့်ဖြစ်သည့်အတွက် တိုင်းပြည်၏လိုအပ်ချက်၊ ဒေသခံတိုင်းရင်းသားတို့၏ လိုအပ်ချက်များနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးမှစ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစားလုပ်ဆောင်သွားရန် လိုအပ်သည့်အခြေအနေများ၊ ဒေသတည်ငြိမ်ရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်မှသာလျှင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူ ဖြစ်စေနိုင်မည့်အခြေအနေများ၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ရှင်းလင်းဆွေးနွေး ပြောကြားသည်။
"ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ မှ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးနှင့် ပတ်သက်၍ "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီမှ သဘောတူညီကြောင်းနှင့် ၎င်းတို့၏ အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
"ဝ"ပြည် သွေးစည်းညီညွတ်ရေးပါတီမှ ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို ဖိတ်ခေါ်ခဲ့ပြီး ၂၀-၅-၂၀၂၂ ရက်နေ့မှစတင်၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ မွန်ပြည်သစ်ပါတီ၊ KNU/KNLA(PC)တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ဆက်လက်ဆွေးနွေးနေခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment