ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်






MNP - ဇွန်   ၅


“တစ်ခုတည်းသော ကမ္ဘာမြေ” ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရသူများကို ဆုချီးမြှင့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မြို့တော်ခန်းမ ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကား ပြောကြားသည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်း သိမ်းနိုင်ရန် ရည်မှန်းချက်နှင့် ထုတ်ပြန်ထားသည့် အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒအခြေခံမူ များနှင့်အညီ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာကိစ္စများကို ထည့်သွင်းပေါင်းစပ် ခြင်း အားဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှု၊ ဟန်ချက်ညီမျှမှုရရှိစေရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် ကာဗွန်ထုတ်လွှတ်မှု လျော့နည်း‌ရေးစသည့် အစိမ်းရောင်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်ရေး၊ ရာသီဥတုပြန်လည်မျှတစေရေးနှင့် ဂေဟစနစ်များကို တတ်နိုင်သမျှ ထိန်းသိမ်းကာကွယ်ကြရေး အားလုံးကဝိုင်းဝန်းကြိုးပမ်းပြီး မိမိတို့၏ တစ်ခုတည်းသော ကမ္ဘာရေရှည် ရှင်သန်နိုင်ရေးအတွက် ထိန်းသိမ်းကာကွယ်ကြရန်လိုကြောင်း တိုက်တွန်းမှာကြား သည်။


ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)၏ အမှုဆောင် ဒါရိုက် တာမစ္စစ်အန်ဂါအန်ဒါဆန်ထံမှ ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားပြီး အသိပညာပေး ဗီဒီယို ကလစ်ကို ကြည့်ရှုအားပေးခဲ့ကြသည်။


ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရသူများအား ဂုဏ်ပြုဆုချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးတို့က တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူ များအားလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက အခြေခံပညာအထက်တန်း/ အလယ် တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်း သား/ကျောင်းသူများက ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် အသိပညာပေးပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)