မြန်မာပြည် ပညာရေးနှင့် အကြမ်းဖက်ဘေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာပြည် ပညာရေးနှင့် အကြမ်းဖက်ဘေး


လက်ရှိ မြန်မာနိုင်ငံမှာ ပြဿနာမျိုးစုံဖြစ်နေတယ်။ ဒီလိုမျိုးတွေ ဖြစ်လာလိမ့်မယ်၊ ဒီလောက်အထိ ယုတ်မာပက်စက်ကြလိမ့်မယ်လို့တောင် ထင်မထားတဲ့ လုပ်ရပ်မျိုးတွေ လုပ်လာကြတာကို တွေ့ရတယ်။

ဒီလိုအဖြစ်အပျက်တွေ မြင်ရတော့ သမ္မတကြီး ဦးသိန်းစိန်လက်ထက် ၂၀၁၂ နောက်ပိုင်း ခိုးဝင်ဘင်္ဂလီများရဲ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်အဖွဲ့တွေ၊ အကြမ်းဖက်မှုတွေကို အများပြည်သူ ဆင်ခြင်သတိပြုနိုင်ဖို့ ကျွန်တော်တို့တတွေ လေ့လာတင်ပြခဲ့ဖူးတယ်။ စာနဲ့ ရေးသားဖော်ပြသလို အမျိုးသားရေးစိတ်ဓာတ် တူညီတဲ့ အနယ်နယ်အရပ်ရပ်က အကိုများက ဟောပြောပွဲတွေ စီစဉ်လို့ လိုက်လံရှင်းလင်းဟောပြောတာတွေလည်း လုပ်ခဲ့ကြဖူးပါတယ်။


အမျိုးသားရေး အသိ၊ သတိ ရှိစေချင်လို့ ပြောခဲ့တာတွေ ဖော်ထုတ်ရေးသားတင်ပြခဲ့တာတွေကို မလိုလားတဲ့ အုပ်စုက အမည်ဖျက်တာမျိုးကို ကြုံရတယ်။ မလိုလားတဲ့ အုပ်စုကတော့ တခြားသူတွေ မဟုတ်ပါဘူး။ ယနေ့ တိုင်းပြည်တွင်းမှာ ကမ်းကုန်အောင် ယုတ်မာပက်စက်နေကြတဲ့ NLD အစွန်းရောက်တွေပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက USDP ပါတီက မြို့နယ်အလိုက်၊ ခရိုင်အလိုက် တာဝန်ရှိသူများဟာ အမျိုးသားရေးအန္တရာယ်တွေကို သိမြင်ကြတဲ့အတွက် ကျွန်တော်တို့ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးသီရိမောင်ကို ဆက်သွယ်တယ်။ PDP ပါတီက ဦးနေမျိုးဝေ ကို ဆက်သွယ်တယ်။ သူတို့နယ်တွေမှာ အမျိုးသားရေး အသိပညာပေး ဟောပြောပွဲတွေ လာရောက်ဟောပြောပေးဖို့ ဖိတ်ခေါ်ကြတယ်။ ဦးသီရိမောင်၊ ဦးနေမျိုးဝေတို့ရဲ့ ဦးဆောင်မှုနဲ့အတူ အမျိုးသားရေးအသိပညာပေး ဟောပြောပွဲတွေ ပုဂံ၊ ညောင်ဦး၊ မကွေး၊ ပခုက္ကူ၊ မုံရွာ၊ ပုလဲ၊ ချောင်းဦး၊ ဆားလင်းကြီး၊ ပွင့်ဖြူ နယ်ဘက်တွေအထိ ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ အသိပေးဟောပြောခဲ့ကြပါတယ်။

အကြမ်းဖက်ဘေးအန္တရာယ်တွေကို အများပြည်သူ သိရှိနားလည်စေဖို့ ဦးနေမျိုးဝေ က ဘယ်လောက်အထိ ပြောသလဲ ဆိုရင် နားထောင်မယ့်သူ တစ်ယောက်ပဲ ရှိရင် တစ်ယောက်ကို ရှင်းပြမယ်။ ၄ယောက်၊ ၅ယောက် ရှိရင် စကားဝိုင်းဖွဲ့ပြီး ဆွေးနွေးပေးမယ်။ အဲဒီလောက်အထိ စိတ်အားထက်သန် လုပ်ခဲ့ကြပါတယ်။


ယနေ့ မြန်မာပြည်ထဲမှာ အစွန်းရောက် အကြမ်းဖက်သမားတွေက ပြည်သူအများစုရဲ့ ကိုးကွယ်ရာ ဘာသာ သာသနာကို ပစ်မှတ်ထား တိုက်ခိုက်လာတယ်။ တိုင်းပြည်ရဲ့ အနာဂတ် ပညာရေးကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်လာတဲ့အခါကြတော့ ၂၀၁၃-၁၄ ဝန်းကျင်က နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့က စာသင်ကျောင်းတွေကို ဝင်စီးတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတဲ့ အခြေအနေတွေကို နှိုင်းယှဉ်သုံးသပ်ကြည့်မိတယ်။ ဘိုကိုဟာရမ် ဆိုတာကလည်း IS (Islamic State) လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့နဲ့ ရည်ရွယ်ချက်တူတဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခု ပဲ ဖြစ်တယ်ဆိုတာတွေ့ရတယ်။


IS အဖွဲ့ ဆိုတာကတော့ ဘယ်လောက်အထိ ရက်စက်သလဲ မေးရင် သူတို့ဘာသာထဲ ဝင်မလား၊ အသေခံမလား ဆိုတာ ၂ခုပဲ။ အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေကို အကြောင်းမဲ့ လိုက်လံသတ်ဖြတ်တယ်။ အမေရိကန် နိုင်ငံသားတွေကို သတ်တယ်။ ဂျပန်နိုင်ငံသားတစ်ယောက်ကို ဓားစာခံလုပ်ပြီး ဂျပန်အစိုးရဆီက ငွေတောင်းတယ်။ အဲဒီလောက်အထိ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအဖြစ် မြင်တွေ့ခဲ့ရတယ်။ ကမ္ဘာအရပ်ရပ်က အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်လို့ လေ့လာကြည့်တဲ့အခါ IS ၊ တာလီဘန်၊ အယ်ခိုင်းဒါး၊ ဘိုကိုဟာရမ် အစရှိတဲ့ မြောက်များလှစွာသော အကြမ်းဖက်အဖွဲ့အစည်းများရဲ့ ရည်ရွယ်ချက်ဟာ တူညီနေတာကို တွေ့ကြရမှာပဲ ဖြစ်ပါတယ်။


ယနေ့ မြန်မာပြည်အတွင်းမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြမ်းဖက်ဘေးအန္တရာယ်နဲ့အတူ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ကြည့်လိုက်တဲ့အခါ ကမ္ဘာအရပ်ရပ်က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းများရဲ့ လုပ်ဆောင်ပုံတွေနဲ့ တူညီလာတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ဒီလိုအခင်းအကျင်းမျိုးကို လေ့လာခဲ့တဲ့ အထောက်အထားတွေအရ ကျွန်တော်တို့အနေနဲ့က အများပြည်သူ အကြမ်းဖက်ဘေးအန္တရာယ်ကင်းရှင်းရေးကိုသာ ပဓာနထားပြီး နှိုင်းယှဉ် သုံးသပ်တင်ပြနေခြင်း ဖြစ်ပါတယ်။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်ပြီးသုံးသပ်မယ်ဆိုရင်လည်း ငါနဲ့မဆိုင်တဲ့အတွက် ဘေးအန္တရာယ် မကျရောက်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ အကြမ်းဖက်သမားတွေရဲ့ သဘောသဘာဝက လက်နက်မဲ့ ပြည်သူကို တိုက်ခိုက်ပြီး သူတို့ရဲ့ အောင်မြင်မှုလို့ ဂုဏ်ယူနေတတ်ကြသူတွေဖြစ်တဲ့အတွက် သတိရှိကြပါ။ ဒီစကားကိုပဲ ထပ်ခါထပ်ခါ ပြောနေရခြင်းဖြစ်ပါတယ်။ အကြမ်းဖက် သမားက ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတိုက်ခိုက်မယ့်သူ ဖြစ်တယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေက အမှုမဲ့ အမှတ်မဲ့ နေရင်း အကြမ်းဖက်ဘေးအန္တရာယ်ကြုံရတဲ့ ပြဿနာမျိုးဖြစ်တဲ့အတွက် ခုခံဖို့၊ ကာကွယ်ဖို့ ရုတ်တရက် ဘာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့် အသိ၊ သတိနဲ့ မိမိပတ်ဝန်းကျင်မှာ ရှိနေတဲ့ အကြမ်းဖက်သမားများနဲ့ ဆက်နွယ်သူတွေကို သတိပြုရမယ်။ အလုပ်ကိစ္စအတွက် မဖြစ်မနေ သွားလာလှုပ်ရှား  ဆောင်ရွက်ရတဲ့အခါမှာလည်း ပတ်ဝန်းကျင်ကို အမြဲသတိရှိနေမှ တော်ကာကျပါလိမ့်မယ်။


မြန်မာပြည်က စာသင်ကျောင်းတွေမှာ ဘယ်တုန်းကမှ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့တွေ လုံခြုံရေးယူပေးခဲ့ရတယ်ဆိုတာ မရှိပါဘူး။ ဒါကို အများပြည်သူ သိရှိပြီး ဖြစ်ပါတယ်။ ပြည်ပြေး NLD အစွန်းရောက်တွေက ကျောင်းတက်ရင် ဘယ်လိုလုပ်မယ်၊ လက်ပြတ်ခြေပြတ်ဖြစ်ကုန်မယ်၊ မခက်မသင့်ရင် အသက်ပါသွားမယ်ဆိုတာမျိုး အထိ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့သလို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာလည်း စာသင်ကျောင်းတွေကို မီးရှို့တာ၊ ဗုံးခွဲဖျက်ဆီးတာတွေ လုပ်ခဲ့သလို ဒီနှစ် ၂၀၂၂-၂၃ ပညာသင်နှစ်မှာလည်း အလားတူ အကြမ်းဖက်မှုမျိုးတွေ လုပ်ဆောင်လာတာကို မြင်တွေ့ကြရပါလိမ့်မယ်။  တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေက စာသင်ကျောင်းများကို လုံခြုံရေးဆောင်ရွက်ပေးနေကြရတယ်။ မိဘပြည်သူများ အနေနဲ့လည်း အကြမ်းဖက်ဘေးအန္တရာယ်မကင်းတဲ့ ဒေသတွေမှာ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီလိုမေတ္တာရပ်ခံရခြင်းက မိမိတို့ရဲ့ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများရဲ့ လုံခြုံရေးအတွက် တာဝန်သိစိတ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမျိုးဖြစ်ဖို့ ဆိုလိုခြင်းဖြစ်ပါတယ်။


စာရေးသူအနေနဲ့ကတော့ ပြည်ပြေး လက်ပါးစေတွေရဲ့ လှုံ့ဆော်မှုကြောင့် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြတဲ့ PDF အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိနေကြတဲ့ လူငယ်များကို အထူးမေတ္တာရပ်ခံလိုပါတယ်။ မိမိတို့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ပြန်လည်ဆင်ခြင်သုံးသပ်ကြဖို့လည်း အထူးတိုက်တွန်းလိုပါတယ်။ မိမိနဲ့အမြင်မတူတဲ့သူတွေကို လိုက်ပြီး လုပ်ကြံသတ်ဖြတ်တာ ဒီမိုကရေစီတော်လှန်ရေးလား။ သူတပါး မိသားစုကို ဖျက်ဆီးတယ်။ အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးတယ်။ ကိုယ့်မိသားစုသာ ဒီလိုမျိုး အလုပ်ခံရသည် ရှိသော် ဘယ်လောက်အထိ အတိဒုက္ခရောက်လေမလဲ။ ပြန်လည်ဆင်ခြင်သုံးသပ်ကြဖို့ လိုပါတယ်။

ဒီထက်ဆိုးတာက အပြစ်မဲ့ သံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်တဲ့ လုပ်ရပ်တွေ၊ ဆရာ/ ဆရာမတွေကို လုပ်ကြံသတ်ဖြတ်တဲ့ လုပ်ရပ်တွေ ကို အများပြည်သူက လက်ခံနိုင်လိမ့်မယ်လို့ ထင်နေတာလား။ ဒီလိုသာ ဆင်ကန်းတောတိုး၊ ဆင်ခြင်တုံတရားကင်းမဲ့စွာနဲ့ ပြည်ပြေးတွေရဲ့ သွေးထိုးမြှောက်ပင့် ခိုင်းစေသမျှ လုပ်နေကြမယ်ဆိုရင် မိမိတို့ရဲ့ လုပ်ရပ်ဟာ မှန်ကန်ကောင်းမွန်တဲ့ လုပ်ရပ်အဖြစ် ဘယ်မှာ ပြစရာ ရှိပါတော့မလဲ။ ပြည်ပနိုင်ငံတွေ၊ အဖွဲ့အစည်းတွေ ဆီက ငွေကြေး၊ လက်နက် အထောက်အပံ့ယူပြီး ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း သတ်ဖြတ်ခြင်း၊ သံဃာတော်များကို လုပ်ကြံသတ်ဖြတ်ခြင်း၊ ဆရာ/ ဆရာမများကို လုပ်ကြံသတ်ဖြတ်ခြင်း အစရှိတဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်ဖို့ ခိုင်းစေနေသူများရဲ့ ရည်ရွယ်ချက်က အကောင်းဘက်ကို ဦးတည်တာ ဘာများရှိသလဲ။ ဒီလိုအကြမ်းဖက်မှုမျိုးတွေကို လုပ်ဆောင်ရန် သင့်၊ မသင့် ဝေဖန်ပိုင်းခြားကြဖို့ လိုပါတယ်။

မိမိတို့ တိုင်တည်ထားတဲ့ သစ္စာတရားကို မိမိတို့ကိုယ်တိုင် စောင့်ထိန်းဖို့လိုပါတယ်။ ပြည်သူ့အတွက်၊ ပြည်သူ့ကာကွယ်ရေး လို့ အသံကောင်းဟစ်ပြီး ပြည်သူကို သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကတော့ ဘယ်လိုမှ အပ်စပ်တဲ့ လုပ်ရပ်တွေမဟုတ်ပါဘူး။ အထူးသဖြင့် သံဃာတော်များနှင့် ဆရာ/ဆရာမများကို ပစ်မှတ်ထားတိုက်ခိုက်နေသော လုပ်ရပ်များ၊ ပညာရေးကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးနေသော လုပ်ရပ်များဟာ အများပြည်သူက လုံးဝ လက်ခံနိုင်ခြင်းမရှိတဲ့ အကြမ်းဖက်မှုတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် PDF အဖွဲ့ထဲ ရောက်ရှိနေကြသူများအနေနဲ့ အများပြည်သူ လက်ခံနိုင်ခြင်း မရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်ကြပါတော့လို့ အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)