၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား







MNP ၊ ဇွန် ၅

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးစောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ နေပြည်တော်ရှိ အခြေခံပညာအထက်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆုရရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယနေ့ကျရောက် သည့် ၂၀၂၂ ခုနှစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “တစ်ခု တည်းသော ကမ္ဘာမြေ (Only One Earth)” ဖြစ်ကြောင်း၊ လူသားများအနေဖြင့် ပိုမို ရေရှည်တည်တံ့စေပြီး ပိုမိုစိမ်းလန်းစေမည့် ပတ်ဝန်းကျင်နှင့် ညီညွတ်သည့် လူနေမှု ဘဝများကို ဖြစ်နိုင်သမျှ ပြောင်းလဲဖော်ဆောင်ကြစေရန်၊ တစ်နည်းအားဖြင့် လူသား များရေရှည်ရှင်သန်နိုင်ရန်အတွက် သဘာဝနှင့်ညီညွတ်မျှတစွာ နေထိုင်နိုင်ကြစေရန်၊ ပြောင်းလဲဖြစ်ပေါ်နေသည့် ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေများကို အားလုံးသိရှိကြပြီး လိုအပ်သည့် တုံ့ပြန်မှုများကို အချိန်မီဆောင်ရွက်နိုင်ကြစေရန်နှင့် တစ်ခုတည်းသော ကမ္ဘာမြေကို မိမိတို့အားလုံး ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းကာကွယ်ကြရန် တိုက်တွန်း နှိုး ဆော်ထားခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ပြဿနာများကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်းဖြေရှင်းနိုင်ကြရန် ၁၉၇၂ ခုနှစ်က ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ပထမဆုံး ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာညီလာခံဖြစ်သည့် “ကုလသမဂ္ဂလူသား ပတ်ဝန်းကျင် ညီလာခံ” ကို ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျှင်နှစ် ၅၀ ပြည့်မြောက်သည့် ထူးခြား သော နှစ်လည်းဖြစ်ကြောင်း။

ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (United Nations Environment Programme – UNEP) က ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဆဋ္ဌမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေ ဆန်းစစ်ခြင်း အစီရင်ခံစာတွင် လာမည့် ၂၀၅၀ ပြည့်နှစ် အထိကာလအတွင်း ကမ္ဘာ့မြို့ပြလူဦးရေသည် ဆက်လက်တိုးမြင့်နေပြီး မြို့ပြ ဖြစ်ထွန်းလာမှုကို စနစ်တကျစီမံခန့်ခွဲနိုင်ခြင်း မရှိခဲ့ပါက လူမှုရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာစိန်ခေါ်မှုများကို ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ လူဦးရေကြီးထွားလာမှုကြောင့် တစ်ဦးချင်းစီ ရရှိနိုင်မည့် ဂေဟစနစ်၏ဝန်ဆောင်မှုများ လျော့နည်းလာမည်ဖြစ် ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပတ်ဝန်းကျင်အစီအမံများကို ဂရုမပြုခဲ့ ပါက သယံဇာတအရင်းအမြစ်များ လျော့နည်းပြုန်းတီးမှု၊ ပတ်ဝန်းကျင်ယိုယွင်း ပျက်စီးခြင်းများနှင့် ပိုမိုကြုံတွေ့နိုင်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုသည် အနာဂတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအဟန့်အတား စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊ စသည့်တွေ့ကြုံလာရမည့် ပြဿနာများကို အလေးထားဖြေရှင်း ဆောင်ရွက်ကြရန် အရေးတကြီးလိုအပ်နေသည့်အတွက် မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့ နိုင်ငံ များနည်းတူ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးသက် ရောက်မှုများကို တားဆီးလျှော့ချနိုင်ရန် အလေးထားကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ် ကြောင်း။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ရည်ရွယ်ချက်များထဲတွင် အဓိက နယ်ပယ်သုံးခုဖြစ်သည့် ရာသီဥတုပြောင်းလဲမှု ၊ သဘာဝဂေဟစနစ် ယိုယွင်းမှု နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာများကို ကမ္ဘာ့နိုင်ငံများအားလုံးက ဖြေရှင်းနိုင်ရန် အတွက် သင့်လျော်သည့် မူဝါဒများ ချမှတ်ဖော်ဆောင်ကြရန်နှင့် နိုင်ငံအလိုက်၊ ဒေသ ဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းမှုများ တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်း ထားကြောင်း။

လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့စီးပွားရေး၏ အဓိကကျောရိုးဖြစ်ပြီး ရာသီဥတု၏ ဆိုးကျိုးသက်ရောက်မှု အထူးသဖြင့် မုတ်သုံရာသီတိုတောင်းလာခြင်း၊ နှစ်စဉ်ပျမ်းမျှအပူချိန်တိုးလာခြင်းနှင့် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ စိုက်ပျိုး မြေများတွင် ဆားငန်ရေဝင်ရောက်ခြင်းတို့ကြောင့် စိုက်ပျိုးထုတ်လုပ်နိုင်မှုစွမ်းအား များ ကျဆင်းလာခဲ့ကြောင်း၊ ထို့ပြင် သဘာဝဘေးအန္တရာယ်၏ အကျိုးဆက်အနေဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် မြေဆီလွှာပျက်သုဉ်းခြင်းများကြောင့် စိုက်ပျိုးမြေများ လက်လွှတ်ဆုံးရှုံးရခြင်းများသည် ဒေသခံများ၏ စားဝတ်နေရေးဆိုး ကျိုးသက်ရောက်မှုများရှိခဲ့ပြီး နိုင်ငံ၏စီးပွားရေးကို များစွာထိခိုက်စေခဲ့ကြောင်း၊ ထို့ကြောင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရေကိုအကျိုးရှိထိရောက်စွာ အသုံး ပြုနိုင်ရန်အတွက်ရေလိုအပ်ချက်နည်းသည့် သီးနှံများ၊ ရေကြီးနစ်မြှုပ်မှုဒဏ်ခံ သီးနှံ နှင့် ရောဂါနှင့် ပိုးမွှားဒဏ်ခံ သီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ ရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံနှင့် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ ရေကိုချွေတာသုံးစွဲနိုင်သည့် ခေတ်မီ ရေသွင်းစနစ်များ အသုံးပြုစိုက်ပျိုးစေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

မွေးမြူရေးကဏ္ဍသည် စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကပံ့ပိုးပေးနေပြီး စားသုံးမှုပုံစံကို ပြောင်းလဲလုပ်ဆောင်ရာတွင် အသားစားသုံးမှု တိုးမြှင့်နိုင်ရေးအတွက် အဓိကကျသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ တိရစ္ဆာန်များကရသည့် ဇီဝမြေဩဇာ များသည် ကောင်းကျိုးများရရှိစေနိုင်ခြင်းကြောင့် မွေးမြူရေးလုပ်ငန်းများမှ ပတ်ဝန်း ကျင်အပေါ် ဖြစ်လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချပြီးကျန်းမာရေး နှင့်ညီညွတ်သည့်၊ သဘာဝနှင့်ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(Food and Agriculture Organization - FAO) ကထုတ်ပြန်သည့် “The State of World Fisheries and Aquaculture 2020” အရ အနာဂတ်တွင် အစားအစာဖူလုံရေးအတွက် ငါးလုပ်ငန်းကဏ္ဍသည် အဓိကဖြစ်လာကြောင်း၊ အနာဂတ်အသက်မွေးဝမ်းကျောင်း မှုများ ခိုက်မာပြီး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေးအတွက် ရေချိုနှင့် အဏ္ဏဝါသယံဇာတများကို ထိန်းသိမ်းကာကွယ်ရေးသည် အရေးကြီးသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ငါးသယံဇာတနှင့် ၎င်းတို့၏ဂေဟစနစ်များ ရေရှည် စဉ်ဆက် မပြတ်ထိန်းသိမ်းနိုင်ရေးအတွက် ငါးမျိုးသုဉ်းစေမည့် နည်းလမ်းများဖြင့် တရားမဝင်ဖမ်းဆီးခြင်းများကို ထိရောက်စွာတားမြစ်နိုင်ရေးနှင့် ပလတ်စတစ် အပါ အဝင် စွန့်ပစ်အမှိုက်နှင့် ရေဆိုးများကြောင့် မြစ်၊ ချောင်း၊ သမုဒ္ဒရာ ညစ်ညမ်းမှု မရှိစေ ရေးအတွက် သက်ဆိုင်ရာဌာနများအပြင် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပြည်သူများ ကပါ အလေးထားပူးပေါင်း လုပ်ဆောင်သွားကြရန်လိုအပ်ကြောင်း။

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရာတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စနစ်ဖြင့် ထုတ်လုပ်မှုများကိုအားပေးဆောင်ရွက် ရာတွင် နိုင်ငံအတွင်းရှိပြီးဖြစ်သည့် ရေ၊ နေနှင့် လေ စသည့် သန့်ရှင်းသောစွမ်းအင် အရင်းအမြစ်များကို အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်းဖြင့် လျှပ်စစ်ဓာတ် အားလုံလောက်စွာရရှိပြီး လူမှုစီးပွားဖွံ့ဖြိုးမှု အထောက်အကူဖြစ်သကဲ့သို့ ကောင်းမွန် သည့် သဘာဝပတ်ဝန်းကျင်ကို ရေရှည်အစဉ်မပြတ် ထိန်းသိမ်းနိုင်မည်ဖြစ်‌၍ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်စနစ်ဖြင့် ထုတ်လုပ်ကြရန် တိုက်တွန်းမှာကြာလိုကြောင်း။

မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးပါဝင်ထားသည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းနှင့် ပါရီသဘောတူစာချုပ်များ၏ ပြဋ္ဌာန်းချက်များကိုလည်း အလေးထားအကောင်အထည်ဖော်လျက်ရှိကြောင်း။

မြန်မာနိုင်ငံ၏ သစ်တောဂေဟစနစ်နှင့် သယံဇာတထိန်းသိမ်းရေးအတွက် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်းပြည့်မီရေးကို ရည်မှန်းလုပ်ဆောင်လျက်ရှိ ရာ ယခုအခါ သဘာဝကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၂၅ ဒသမ ၈ ရာခိုင်နှုန်း ဖွဲ့စည်း နိုင်ခဲ့ပြီဖြစ်ကြောင်း၊ သဘာဝနယ်မြေများဖွဲ့စည်းခြင်းကို နိုင်ငံ့ဧရိယာ၏ ၁၀ ရာခိုင် နှုန်း ရည်မှန်းလုပ်ဆောင်နေရာတွင် ၆ ဒသမ ၄၃ ရာခိုင်နှုန်း ဖွဲ့စည်းထားနိုင်ခဲ့ပြီး ရည်မှန်း ချက်ပြည့်မီအောင် ဆက်လက်ကြိုးစားကြရမည်ဖြစ်ကြောင်း။

သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းသည် နိုင်ငံတော်အတွက်သာမက နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရရှိစေရေးကို အထောက်အကူပြုသည်မှာ မှန်သော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထည့်သွင်းပေါင်းစပ် ဆောင်ရွက်ခြင်းမရှိပါက သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်ပျက်ဆီးစေနိုင်သည်ကို သတိပြုကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြေပေါ်၊ မြေအောက် သယံဇာတ ထုတ်ကုန်များ အပေါ် မှီခိုသည့် စီးပွးရေးလုပ်ငန်းများကို လျှော့ချသွားရမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ အနေဖြင့် ပြည်ပသို့သစ်အလုံလိုက်တင်ပို့ခြင်းကို ရပ်ဆိုင်းခဲ့ပြီး ၂၀၂၁ -၂၀၂၂ ဘဏ္ဍာ နှစ် (Mini – Budget) နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်များတွင်လည်း သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားသည့်အပြင် ကျောက်စိမ်းတူးဖော်ခြင်းများကို လုံးခင်း၊ ဖားကန့်နှင့် မိုးညှင်းဒေသတို့တွင် ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအ‌တွက် သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် ပတ်ဝန်းကျင်ရေးရာမူဝါဒများနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းနှင့် ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲသွားနိုင်ရန် အလေးထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်၏ လေ့လာဆန်းစစ်တွေ့ရှိမှုများအရ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူဦးရေ ၇ သန်းခန့် သည် အသက်ဆုံးရှုံးနေကြရကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်စွန့်ပစ်ပစ္စည်း ပမာ ဏ တန်ချိန် ၁၁ ဒသမ ၂ ဘီလီယံခန့် စွန့်ပစ်နေကြပြီး ယင်းအထဲမှ ပလတ်စတစ်စွန့်ပစ် ပစ္စည်းတန်ချိန် ၈ သန်းခန့်သည် နှစ်စဉ် ပင်လယ်၊ သမုဒ္ဒရာများအတွင်းသို့ ရောက်ရှိ ကာ ညစ်ညမ်းမှုများဖြစ်ပေါ်လျက်ရှိကြောင်း။

ထို့ပြင် ကမ္ဘာတစ်ဝန်းတွင် လူသားများအသုံးပြုနေသည့် ဓာတုပစ္စည်းများနှင့် ဒြပ်ပေါင်း အမျိုးအစား စုစုပေါင်း တစ်သိန်းကျော်ရှိပြီး ဓာတုပစ္စည်းအသုံးပြုမှုများကို စနစ်တကျစီမံဆောင်ရွက်နိုင်မှုမရှိပါက ပတ်ဝန်းကျင်နှင့် လူသားများ၏ ကျန်းမာရေး ကို ဆိုးရွားပြင်းထန်စေသည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်သည့် အတွက် အထူးဂရုပြုစီမံဆောင်ရွက်ရန် လိုအပ်ကြောင်း။

ယနေ့ကာလတွင် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ရပ်ဖြစ်လာသည့် ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေးအတွက် ယခုနှစ်မတ်လတွင် ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံဒုတိယအပိုင်း( United Nations Environment Assembly-UNEA 5-2)တွင် ဥပဒေအရ စည်းနှောင်မှုရှိသည့် အပြည် ပြည်ဆိုင်ရာသဘောတူစာချုပ်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော်ရန် သဘောတူ ညီ ခဲ့ကြကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှု ထိန်းချုပ်နိုင် ရေးအတွက် ကဏ္ဍစုံပေါင်းစပ်ပြီး အစီအမံများ ချမှတ်အကောင်အထည်ဖော် လိုက်နာ ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ မဖြစ်မနေအသုံးပြုရန်လိုအပ်သည့် နေရာများ တွင်သာ ပလတ်စတစ်အိတ်ထုတ်ပိုးမှုနှင့် အသုံးအဆောင်များသာ သုံးစေ လိုကြောင်း၊ Reuse , Reduce , Recircle ဆိုသည့် တိုက်တွန်းချက်အတိုင်း နိုင်ငံသူ နိုင်ငံသား အားလုံး လိုက်ပါဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံတော်အတွက် အကျိုး များစွာ ဖြစ်ထွန်းစေမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများက အထူးအားဖြင့် တိုက်တွန်း ဆောင်ရွက်စေလိုကြောင်း။

ညစ်ညမ်းမှုများကို တားဆီးကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စွန့်ပစ်ပစ္စည်း များကို စနစ်တကျစီမံခန့်ခွဲနိုင်မှုသည် အလွန်အရေးကြီးကြောင်း၊ထို့ကြောင့် နိုင်ငံ တော်က ချမှတ်ထုတ်ပြန်ထားပြီးဖြစ်သည့် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့်ပင်မလုပ်ငန်းအစီအစဉ်ပါ လုပ်ငန်းများနှင့်အညီ စွန့်ပစ်ပစ္စည်းစီမံ ခန့်ခွဲမှုကို လက်တွေ့ဆောင်ရွက်နေကြသည့် စည်ပင်သာယာရေးအဖွဲ့အစည်းများ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများအနေဖြင့် ထိထိရောက်ရောက် အကောင်အထည်ဖော် ကြရမည်ဖြစ်ကြောင်း။

ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို တားဆီးလျှော့ချရန်နှင့် ပြန်လည်ကုစား ပြီး ပုံမှန်အခြေအနေပြန်ရောက်အောင် ဆောင်ရွက်သည့် နေရာတွင် အကောင်းဆုံးနှင့် အရိုးရှင်းဆုံးနည်းလမ်းမှာ သဘာဝကိုအခြေခံသည့် ဖြေရှင်းနည်း(Ntaure – based Solutions – NbS) ဖြစ်ကြောင်း၊ သဘာဝကိုအခြေခံပြီးဖြေရှင်းသည့်အတွက် အရေး ကြီး သည့် ဂေဟစနစ်ဝန်ဆောင်မှုများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရေချိုရရှိနိုင်မှု၊ ပိုမို ကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်းမှု၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ရေရှည် တည်တံ့သည့် စားနပ်ရိက္ခာဘေးကင်းလုံခြုံမှု စသည်တို့ကို ပံ့ပိုးပေးသည့်အပြင် လူသားများနှင့် သဘာဝတရားတို့အကြား သဟဇာတဖြစ်စေပြီး ရာသီဥတုပြောင်းလဲမှု ကို ပြည်သူဗဟိုပြု တုံ့ပြန်နိုင်ရေးအတွက်လည်း အားပေးလှုံ့ဆော်ရာရောက်ကြောင်း။

ယနေ့နိုင်ငံအများစုအလေးထားလာသည့် ပတ်ဝန်းကျင်အထောက်အကူပြု အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှု (ဥပမာအားဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်ယူခြင်း၊ သဘာဝအခြေခံ ခရီးသွားလာခြင်း၊ လျှပ်စစ်ကားထုတ်လုပ်ခြင်း) စသည့်လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ပေးခြင်းအားဖြင့် နိုင်ငံ၏ သဘာဝ အရင်းအနှီးများ ပိုမိုကောင်းမွန်လာကာ ပတ်ဝန်းကျင်ရေးရာ ကာကွယ်စောင့်ရှောက် မှုနှင့် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးအမြတ်များကို ရရှိစေမည် ဖြစ်ပြီး ရေရှည်တည်တံ့သည့် အနာဂတ်ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ ရှေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan- MSDP) မူဘောင်အတွင်းမှ နိုင်ငံတော်ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည် ဖော်ရာတွင် မြန်မာနိုင်ငံအတွင် မှီတင်းနေထိုင်ကြသူအားလုံး၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်း မွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန် ချမှတ်ထားသည့် အမျိုးသားပတ်ဝန်းကျင် ရေးရာမူဝါဒရည်မှန်းချက်နှင့် အခြေခံမူများကို ထိရောက်အောင်မြင် အောင်ဖော်ဆောင် နိုင်ရန်အတွက် ကဏ္ဍါအသီးသီးတွင် ရေတို/ရေရှည်စီမံချက်များဖြင့် ပေါင်းစပ် အကောင်အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့်ပတ်သက်ပြီး ဖွံ့ဖြိုးရေးလုပ် ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာ ကိစ္စရပ်များကိုထည့်သွင်းပေါင်းစပ်ခြင်းအား ဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှု၊ ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေ ရေး၊ စီးပွားရေးဖွံ့ဖြိုးရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု မရှိ စေဘဲ ကာဗွန်ထုတ်လုပ်မှုလျော့နည်းသည့် အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ကို အားပေးမြှင့်တင်ရေး၊ ရာသီဥတုပြန်လည်မျှတလာစေရေးနှင့် ဂေဟစနစ်များ ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအပါအဝင် ညစ်ညမ်းမှုထိန်းသိမ်းကာကွယ်ရေး တို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သည့်နေရာတွင် မိဘပြည်သူများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်ကြပြီး မိမိတို့၏ တစ်ခုတည်းသောကမ္ဘာမြေ ရှေရှည်တည်တံ့ရှင်သန်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းကာကွယ် ကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့် Video Message နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင်ညွှန်ကြားရေး မှူး တို့၏ Video Message များကို ပြသသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် စာစီစာကုံးပထမဆုရရှိသည့် ဒေါ်မိုးမိုးသွင်(ရနံ့ချို-ဟင်္သာတ)၊ ဒုတိယဆုရရှိ သည့် ဒေါ်ငြိမ်းငြိမ်းစန္ဒာဝင်း(အမရာ)၊ တတိယဆုရရှိသည့် ဒေါ်နုနုအေး (နုနုအေး-ဇလွန်)၊ ဆောင်းပါး ပထမဆုရရှိသည့် ဦးအာကာစံ(အာကာစံ)၊ ဒုတိယဆု ရရှိသည့် ဦးဇော်လွင်ဦး( ဇော်လွင်ဦး-ဟင်္သာတ)နှင့် တတိယဆုရရှိသည့် ဦးမောင်သန်းညွန့် (စိမ်းညိုအောင်) တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုး သောမြို့ကြီးများဆု ရရှိသည့် ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန် ကြားရေးမှူး ဦးရဲနိုင်ကို ဆုပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး Video ကို ပြသပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ကြောင်း ကြေ ညာကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်ပြသထားသည့် ပြခန်းများအားစိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)