နှလုံးရောဂါဆေးကုသမှုနှင့် ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှလုံးရောဂါဆေးကုသမှုနှင့် ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ ဇွန် ၁

နှလုံးရောဂါနှင့် ဆီးနှင့် ကျောက်ကပ်ရောဂါ ဆေးကုသမှုလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့၊ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အထူးကုဘာသာရပ်များ၏ ပါမောက္ခ/ဌာနမှူး များ၊ တာဝန်ခံအထူးကု ဆရာဝန်ကြီးများကို ဘာသာရပ်အလိုက် တွေ့ဆုံ၍ လက်ရှိဆောင်ရွက်နိုင်မှုနှင့် အားဖြည့်ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုများ၊ ကင်ဆာရောဂါဓာတ်ရောင်ခြည် ကုသမှုများ၊ အဏုမြူရောင်ခြည်ကုသမှုများအတွက် ဆောင်ရွက်ပြီးဖြစ်ကာ ယနေ့တွင် နှလုံးရောဂါနှင့် ဆီးနှင့် ကျောက်ကပ် ရောဂါဆိုင်ရာ ဆေးကုသမှုများ၊ ခွဲစိတ်ကုသမှုများ ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် ညှိနှိုင်း ဆွေးနွေးကြရန် ခေါ်ယူတွေ့ဆုံခြင်းဖြစ်ပါကြောင်း။


 ပြည်သူ့ဆေးရုံများ၌ နှလုံးနှင့် သွေးကြောဆိုင်ရာကုသမှုများ၊ နှလုံးရောဂါ ခွဲစိတ် ကုသမှုများနှင့် အတူ နှလုံးအထူးကြပ်မတ် ကုသခန်းများ၊ ကျောက်ကပ်သန့်စင်ခြင်း လုပ်ငန်းများ၊ ‌ဆီးလမ်းကြောင်းနှင့် ကျောက်ကပ် ဆိုင်ရာ ခွဲစိတ်ကုသမှုများ အင်အားပြည့် ဆောင်ရွက်နိုင်ရန်၊ ကျောက်ကပ် အစားထိုးသည့် ခွဲစိတ်ကုသမှုများ ပြန်လည်စတင်နိုင်ရန်အတွက် ဆေးရုံ၊ ဌာနအချင်းချင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ ညှိနှိုင်းကာ အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်ပေးကြ စေလိုပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် လိုအပ်မည့် စက်ပစ္စည်း၊ ရန်ပုံငွေနှင့် လူအင်အားကို ရရှိနိုင်မည့် နည်းလမ်းများဖြင့် အားဖြည့်ဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း၊ ဆေးကုသမှုများအတွက် လိုအပ်သည့် ဆေးနှင့်ဆေးရုံသုံးပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပြီး ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဖြည့်ဆည်းရေးအတွက်လည်း ဆောင်ရွက်ပေး လျက်ရှိရာ ဆေးတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် လက်ထောက်ဆရာဝန်များ လေ့ကျင့် မွေးထုတ်ပေးခြင်း၊ ဆေးပညာဘွဲ့ ရရှိပြီးသူများကို လက်ထောက်ဆရာဝန် လျှောက်လွှာများ ခေါ်ယူခြင်း၊ ဘွဲ့လွန်သင်ကြားရေး လုပ်ငန်းများ ဖွင့်လှစ်ခြင်းဖြင့် အထူးကုဆရာဝန်များ ပိုမိုမွေးထုတ်ခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ သူနာပြုအင်အား လိုအပ်ချက်အတွက် အားဖြည့်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေကြောင့် ယာယီရပ်ဆိုင်းခဲ့သော ကျောက်ကပ် သန့်စင်ခြင်းသင်တန်းနှင့် အရေးပေါ်နှလုံး အထူးကြပ်မတ်ကုသမှုဆိုင်ရာ ပုံမှန်သင်တန်းများကို ပြန်လည် ဖွင့်လှစ် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။ 


ကာကွယ်ရေးဝန်ကြီးဌာနမှလည်း လိုအပ်သည့် အထူးကု ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများကို ကူညီဆောင်ရွက် ပေးနေပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း လူ့စွမ်းအားအရင်းအမြစ်နှင့် ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအထူးကု ဘာသာရပ်အလိုက် ပြည်ပနိုင်ငံများသို့ သင်တန်းများရွေးချယ်စေလွှတ်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ဆေးရုံအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ လိုအပ်ချက်များ၊ လုပ်ငန်းရပ်ဆိုင်းနေသည့် ဆေးရုံများ၌ ပြန်လည်စတင် နိုင်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် များက လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)