ကန့်ဘလူခရီးစဉ် (၁) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူခရီးစဉ် (၁)


NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ ဆိုးသွမ်းနေတဲ့ ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကို ၇-၆-၂၀၂၂ ရက်နေ့ က သွားရောက်ခဲ့ပါတယ်။ သွားဖြစ်ခြင်း အကြောင်းက ကိုယ်တိုင် စရိတ်စခ အကုန်အကျခံနိုင်လို့တော့ မဟုတ်ပါဘူး။ ပြည်ပရောက်ရှိလာတဲ့ ကိုချိုကြီး၊ မဖွေးစိတ်တို့ က သွားချင်တဲ့ ဆန္ဒပြင်းပြနေကြတဲ့အတွက် အဖော်အဖြစ် လိုက်ပါပေးခဲ့ခြင်းဖြစ်ပါတယ်။

ကန့်ဘလူကို သွားမယ်လို့ ဆုံးဖြတ်ပြီး တော့ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာက ဆရာတော် ဦးဝါသဝနဲ့ ချိတ်ဆက်ပါတယ်။ လာလို့ ဖြစ်မလားဆိုတော့ ဆရာတော်ကလည်း လာခဲ့ပါ။ ဖြစ်ပါတယ်လို့ ဖိတ်ခေါ်တဲ့ သွားခဲ့ကြခြင်းဖြစ်ပါတယ်။ နေပြည်တော်ကနေ စစ်ကိုင်းမြို့အထိ တစ်ထောက်ပေါ့။ စစ်ကိုင်းမှာ ကိုချိုကြီး နဲ့ မဖွေးစိန်တို့က ဆရာတော့် ကျောင်းက အကြမ်းဖက်ဘေးရှောင် မိသားစုများအတွက် ခေါက်ဆွဲ၊ အအေး၊ မုန့်မျိုးစုံတို့ကို ဝယ်တင်ကြပါတယ်။

စစ်ကိုင်းကနေ ခရီးဆက်ပြီး ရွှေဘိုကို ရောက်ပါတယ်။ ရွှေဘိုရောက်တော့ မြို့အဝင် ဆိုင်းဘုတ်ကြီးအောက်မှာ မဖွေးစိန်ကို ရောက်တဲ့အခိုက် အမှတ်တရ ဓာတ်ပုံမှတ်တမ်း ရိုက်မယ်ဆိုလို့ ရိုက်ပေးပါတယ်။ ကျွန်တော်တို့ ဓာတ်ပုံ ဆင်းရိုက်နေတာကို ဆရာတော် အကြိုလွှတ်လိုက်တဲ့ ပြည်သူ့စစ်အကိုများက တွေ့ကြပါတယ်။ ကျွန်တော်တို့က မတွေ့ပါဘူး။ လာကြိုတဲ့ ကားကို မတွေ့လို့ ရှာနေကြပါတယ်။ အကြိုလာတဲ့ ကားက ကိုသက် က ဖုန်းဆက်လာပါတယ်။ လာကြိုတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်များက လက်နက်အပြည့်အစုံနဲ့ပါ။

အကိုတွေက ခင်ဦးမြို့နယ်ထဲကို ဖြတ်ရင်တော့ နည်းနည်းသတိထားရမယ်၊ သူတို့ကားမရပ်ရင် မရပ်ပါနဲ့လို့ မှာပြီး သူတို့ ရှေ့ကသွား ကျွန်တော်တို့က နောက်က ကပ်လိုက်ခဲ့ရပါတယ်။ ကျွန်တော်တို့ ကားပေါ်ကို ပြည်သူ့စစ်တစ်ယောက် တင်ပေးဖို့ရာ ကားပေါ်မှာက ဝယ်လာတဲ့ ပစ္စည်းတွေ များနေလို့ လိုက်မဖြစ်ပါဘူး။ သူတို့ ကားက Nissan x trail ပါ။ တော်တော်လေး အကြမ်းခံတယ်လို့ ပြောရပါမယ်။ ကိုချိုကြီးတို့ ငှားလာတဲ့ ကားက သူတို့ကို အမှီမောင်းရတာဆိုတော့ လမ်းကြမ်းတဲ့ နေရာတွေမှာ ဘုရားတပြီး မောင်းရပါတယ်။ တချို့နေရာတွေမှာ ဗိုက်မလွတ်လို့ ထိခိုက်မိတာတွေလည်း ရှိပါတယ်။ 

ခင်ဦးမြို့နယ်ထဲ ရောက်လို့ လမ်းဘေး ဝဲယာကို အကဲခတ်သွားတဲ့အခါမှာ တချို့နေရာတွေ မီးရှို့ခံထားရတာကို တွေ့ရပါတယ်။ တချို့ရွာတွေ ထိပ်မှာ ပြည်သူ့စစ်အပါအဝင် လုံခြုံရေး ပူးပေါင်းစစ်ဆေးရေးဂိတ်တွေ့ရပါတယ်။ ရွာတိုင်းတော့ မဟုတ်ပါဘူး။ စစ်ဆေးရေးဂိတ်တွေကို ပြည်သူ့စစ်အကိုများကပဲ အကျိုးအကြောင်း ဆင်းပြောပြီး ခရီးဆက်ပါတယ်။ ကန့်ဘလူနယ်ဘက်ကို ရောက်လာတော့ အေးချမ်းပါပြီလို့ ပြောပါတယ်။ ကျွန်တော်တို့ကို ပြည်သူ့စစ်အကိုများ ခေါ်လာတဲ့ လမ်းက လမ်းမကြီးအတိုင်းတော့ မဟုတ်ပါဘူး။ ရွာချင်းဆက် လမ်းတွေကနေ ခေါ်လာခြင်းဖြစ်တာကို ရိပ်စားမိပါတယ်။

ကန့်ဘလူဘက်ရောက်တော့ အေးဆေးဖြစ်သွားပါပြီလို့ ပြည်သူ့စစ်အကိုတွေက ပြောတယ်။

ကိုချိုကြီးက လမ်းဘေးဝဲယာမှာ ရှိတဲ့ စိုက်ပျိုးမြေတွေကို ကြည့်ပြီး အေးအေးဆေးဆေး ကိုယ့်ဟာနဲ့ကိုယ် စိုက်ပျိုးရေးလုပ်၊ ကိုယ့်သားသမီးတွေကို ဒီစိုက်ပျိုးရေးလုပ်ငန်းကနေပဲ မြေတောင်မြှောက်ပေးနေတဲ့ ရွာသားတွေကို နိုင်ငံရေးသမားတွေ ဂျင်းထည့်သွားတာ။ အခု ကိုယ်လယ်ယာလုပ်ငန်းကိုတောင် အေးအေးဆေးဆေး မလုပ်နိုင်ကြတော့ဘူးလို့ မှတ်ချက်ပြုပါတယ်။

ရွာအဝင် ပြည်သူ့စစ်နဲ့ လုံခြုံရေးပူးပေါင်းအဖွဲ့တွေရဲ့ ဂိတ်တွေကို ရောက်ရင် ကိုချိုကြီးက စကားဆင်းပြောတယ်။ ပြည်သူ့စစ်ထဲက တချို့ကလည်း ကိုချိုကြီးကို သိနေကြပါတယ်။ မိတ်ဆက်ကြပါတယ်။ ကိုချိုကြီးက ကိုယ့်ရပ်ကိုယ့်ရွာကို အကြမ်းဖက်ဘေးအန္တရာယ် မကျရောက်ရေး ဝိုင်းဝန်းကာကွယ်နေကြတာကို တွေ့ရတဲ့ဂုဏ်ယူကြောင်း အားပေးစကား ပြောပါတယ်။

တခါမှ မရောက်ဖူးတဲ့ ခရီးစဉ်ဆိုတော့ ရွှေဘိုနဲ့ ကန့်ဘလူကို တော်တော်လေး မောင်းနေရသလို ခံစားရပါတယ်။ နတ်ပေးကျေးရွာနားကို ရောက်တော့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ တွေ့ပြန်ပါတယ်။ ကိုချိုကြီးက နယ်မြေအခြေအနေ မေးမြန်းတဲ့အခါ အေးချမ်းပါတယ်၊ ကျောင်းပြန်ဖွင့်နိုင်တဲ့အခြေအနေကိုလည်း တွေ့ရပါတယ်။ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ရှိနေတဲ့ အတွက် PDF အကြမ်းဖက်သမားများ မကပ်နိုင်တဲ့ သဘောကို တွေ့ရပါတယ်။

ညနေ ၃ နာရီ ကျော်မှ ပဲ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာက ဆရာတော်ဦးဝါသဝရဲ့ သာသနာ့အလင်းရောင်း ကျောင်းတိုက်ကို ရောက်ပါတယ်။

ဆရာတော်ရဲ့ ကျောင်းမှာ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာက ယောက်ျားအသတ်ခံရ၊ အိမ်တွေကို မီးရှို့ဖျက်ဆီးခြင်းခံရခြင်းကြောင့် တိမ်းရှောင်နေကြရတဲ့ မကြီး မိုးသူဇာ၊ မကြီးမို့မို့ဝင်း တို့ဟာ ကျွန်တော်နဲ့ မစိမ်းပါဘူး။ အစောကြီးကတည်းက သူတို့တွေရဲ့ ဖြစ်စဉ်ကို ကျွန်တော်သွားရောက် တွေ့ဆုံမေးမြန်းခဲ့စဉ်ကတည်းက သိထားကြပြီးသူတွေ ဖြစ်ပါတယ်။ သူတို့ကလည်း ရောက်အောင် လာခဲ့လို့ ဝမ်းသာအားရ ကြိုဆိုပါတယ်။

ဆရာတော့်ကျောင်းအတွက် ကိုချိုကြီး၊ မဖွေးစိန်တွေ ဝယ်လာတဲ့ အစားအသောက်တွေ ချပေးကြတယ်။ ကိုချိုကြီး နဲ့ မဖွေးစိန်တို့က ခရီးရောက်မစိုက်ပဲ ဆရာတော်ကို အလှူငွေ ကပ်လှူတယ်။

ဆရာတော့်ကျောင်းထဲမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူထားတာကို တွေ့ရတယ်။ ကျောင်းအရှေ့ပေါက်၊ အနောက်ပေါက် အားလုံးမှာ အလှည့်ကျ တာဝန်ထမ်းဆောင်နေကြပါတယ်။ 

ဆရာတော်က ကျောင်းမှာ အေးအေးဆေးဆေး စကားထိုင်ပြောခွင့်တောင် မပြုပါဘူး။ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို အားပေးစကားပြောခိုင်းပါတယ်။ ကိုချိုကြီးနဲ့ မဖွေးစိန်တို့ ပြောကြပါတယ်။ 

PDF အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် တိမ်းရှောင်ရင်း ဆရာတော့်ကျောင်းကို ရောက်နေကြတဲ့ အကိုများက မှော်တော်မှာပဲ ပြည်သူ့စစ်သင်တန်းတက်ကြတယ်။ ကိုယ့်ရပ်ကိုယ်ရွာကို ပြန်လို့ မရသေးတဲ့ အခြေအနေမှာ ဆရာတော့်ကျောင်းကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်နေကြတယ်။ ရဲတပ်ဖွဲ့ဝင်တချို့လည်း ကျောင်းမှာ ရှိနေပေးတယ်လို့ သိရပါတယ်။

ကိုချိုကြီးကတော့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို အခုလို ဆရာတော်ကို ဝိုင်းဝန်းကာကွယ်ပေးနေကြတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့ NLD ပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေးဆိုတဲ့ စကားကို ပြောခဲ့ဖူးကြောင်း၊ အခုအခါ သူတို့ကိုယ်တိုင်က ပြည်သူများကို အကြောက်တရားတွေ ပေးနေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတိုင်းမှာ အစိုးရရဲ့ တာဝန်ရှိသလို ပြည်သူများကလည်း ကိုယ်နိုင်တဲ့ တာဝန်ကို ထမ်းရွက်ကြရကြောင်း၊ နစက က ဥပဒေနဲ့အညီ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတာကို သိသိနဲ့ အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်ပြီး သံဃာတော်တွေကိုသတ်၊ ဆရာ/ဆရာမတွေကို သတ်၊ ကိုယ့်ရွာသူ ရွာသားအချင်းချင်း သတ်နေတာ တော်လှန်ရေးမဟုတ်ကြောင်း ပြည်သူ့စစ်ညီနောင်များကို အားပေးစကား ပြောရင်း နိုင်ငံရေးဗဟုသုတတွေလည်း ထည့်သွင်း ပြောဆိုပါတယ်။

မဖွေးစိန်ကတော့ ပြည်ပ က ကြည့်တဲ့အချိန်မှာ တစ်ဖက်သတ် သတင်းတွေကိုသာ မြင်ရကြောင်း၊ နစက ဘက်ကိုပဲ တစ်ဖက်စောင်းနင်းရေးသားနေတာတွေကို မြင်ရလို့ တကယ် မြေပြင် အခြေအနေမှန်ကို လေ့လာချင်ကြောင်း၊ အလို PDF အကြမ်းဖက်သမားတွေရဲ့ ဘေးအန္တရာယ်ကြောင့် တိမ်းရှောင်နေကြရတာကို မြင်ရလို့ စိတ်မကောင်းဖြစ်ရကြောင်း၊ စောင့်ရှောက်ပေးထားတဲ့ ဆရာတော်ကို အလွန်ကျေးဇူးတင်မိပါကြောင်း အားပေးစကားပြောပါတယ်။

သူတို့ ပြောပြီးတယ်ဆိုတာနဲ့ ဆရာတော်က ကားပေါ်တက် လို့ ဇွတ်ခေါ်တဲ့အတွက် ကားပေါ်တက်ပြီး လိုက်ခဲ့ရပါတယ်။ ကျွန်တော်တို့ ကားကို ကျောင်းမှာ ထားခဲ့ပြီး သူ့ကျောင်းက ကားနှစ်စီးနဲ့ ပြည်သူ့စစ်အဖွဲ့တွေက တစ်စီး၊ ဆရာတော်နဲ့ ကျွန်တော်တို့က တစ်စီး တခြားရွာတွေက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ လိုက်ပြီး မိတ်ဆက်ပေးမယ်ဆိုပြီး စကားတပြောပြော၊ ကားကလည်း တဝေါဝေါနဲ့ လိုက်ခဲ့ရပါတယ်။ ညီညာပြေပြစ်တဲ့ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းမဟုတ်တဲ့အတွက်တော့ ဇိမ်ခံပြီး သွားလို့ မရတဲ့ လမ်းဖြစ်ပါတယ်။


ဆက်လက်ရေးသားပါဦးမည်။

နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)