ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲက ဒေသခံတောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက် ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲက ဒေသခံတောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက် ထုတ်ချေးပေး

 



MNP - ဇွန်  ၂၉


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ထုတ်ချေး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ဒေသခံတောင်သူများကို မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ် မန်နေဂျာ ဦးစန်းသော်ထံက သိရသည်။


ဒေသခံတောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ရှေးဦးစွာ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာ ဦးစန်းသော်က သီးနှံအလိုက် ချေးငွေထုတ်ချေးပေးမှုနှုန်းထားနှင့် ချေးငွေပေးဆပ်ရမည့်ကာလတွင် အချိန်မီ ပေးဆပ်နိုင်ရေးအတွက် သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို အသိပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။


ထို့နောက် မြို့နယ်ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ဒေသခံတောင်သူ ၉၆ ဦးအား မိုးစပါးစိုက်ဧက ၆၁၉ ဧကအတွက် သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေး တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် စုစုပေါင်း စိုက်ပျိုးစရိတ်ချေးငွေကျပ် ၉၂၈ ဒသမ ၅၀ သိန်းအား တောင်သူများ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြသည်။


ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု (၅၁)အုပ်စုရှိပြီး အဆိုပါ ကျေးရွာအုပ်စုများအနက်မှ ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေ ပြေကြေစွာ ပေးဆပ်သည့် ဒေသခံတောင်သူများကို မေလတတိယပတ်က စတင်၍ မိုးစပါးသီးနှံစိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံ စိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ကျန်ရှိသည့် ကျေးရွာများမှ ဒေသခံတောင်သူများကိုလည်း ချေးငွေပြေကြေစွာ ပေးဆပ်မှုအပေါ် မူတည်ပြီး ဆက်လက် ထုတ်ချေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော်က ပြောကြားသည်။  


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)