ကြည့်မြင်တိုင်မြို့နယ်၌ မေလ ၃၀ ရက်နေ့က နေအိမ်အတွင်း ဝင်ရောက်ကာ ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြည့်မြင်တိုင်မြို့နယ်၌ မေလ ၃၀ ရက်နေ့က နေအိမ်အတွင်း ဝင်ရောက်ကာ ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး



MNP ၊ ဇွန် ၁

၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်အနောက်ရပ်ကွက်၊ ပန်းပင်ကြီးလမ်း၊ အမှတ်(၂၀) ပထမထပ်၌ ကျန်းမာရေးမကောင်းသဖြင့် နေအိမ်အတွင်း Wheel Chair ဖြင့်သွားလာနေရသည့် ဒေါ်ခင်ကြည် (၈၈)နှစ်နှင့် အိမ်အကူဖြစ်သူ ဒေါ်အေးစန်း (၅၀)နှစ်တို့ ၂ ဦးတည်းရှိနေစဉ် မျက်နှာဖုံးများစွပ်ထားသည့် အမျိုးသား ၁၀ ဦးခန့်သည် ဓားဦးချွန်တစ်ချောင်း၊ သံတုတ်တစ်ချောင်း ကိုင်ဆောင်ကာ နေအိမ်အတွင်း ဝင်ရောက်လာပြီး ဒေါ်အေးစန်းအား ကြိုးဖြင့်ချည်နှောင်ကာ ဒေါ်ခင်ကြည်အား ဓားဖြင့်ထောက်၍ ဒေါ်ခင်ကြည်နှင့် ဒေါ်အေးစန်းတို့ ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်း ၄ မျိုး စုစုပေါင်းတန်ဖိုး ၅၁ သိန်းကျပ်ခန့်နှင့် နေအိမ်ဘီရိုအတွင်း သိမ်းဆည်း ထားသည့်ငွေကျပ် ၅ သိန်းတို့အား ဓားပြတိုက်ယူဆောင်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဓားပြတိုက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက အထူးအမှုစစ်အဖွဲ့ဖွဲ့စည်းကာ တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်သတင်းပေးမှုများဖြင့် ပေါင်းစပ်ညှိနှိုင်း၍ စုံစမ်းဖော်ထုတ်ခဲ့ရာတွင် ဓားပြတိုက်မှုကျူးလွန်ခဲ့သူများသည် ပြစ်မှုကျူးလွန် ပြီးနောက် YGN 4E-8525 နံပါတ်ပါ TOYOTA PROBOX အမျိုးအစား အဖြူရောင် မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသဖြင့် အဆိုပါမော်တော်ယာဉ်၏ အချက်အလက်များကို အခြေခံကာ ကွင်းဆက်မပြတ် စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူများသည် ဒလမြို့နယ်အတွင်း နေထိုင်သူများဖြစ်ကြောင်း ကနဦးဖော်ထုတ်သိရှိခဲ့ရသည်။

ထို့နောက်အမှုစစ်အဖွဲ့က ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟု သံသယရှိသူ ဓားပြတိုက် ခံရသည့် နေအိမ်၌ ဖွင့်လှစ်ထားသည့် “အောင်” Car Aircon Service လုပ်ငန်း၌ အလုပ်လုပ်ကိုင် နေသည့် ဒလမြို့နယ်နေ ချစ်နိုင်(ခ) ရာဂျူး(ခ) ကတုံးအား ယင်းနေ့ညနေပိုင်း၌ ဖမ်းဆီးစစ်ဆေး ခဲ့ရာ ၎င်း၏ပူးပေါင်းပါဝင်မှုဖြင့် ဓားပြတိုက်မှုအား ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ကျန်စစ်သား (၄)လမ်း၊ အမှတ်(၂၉၉)နေ ၎င်း၏ဦးလေးတော်စပ်သူ အောင်ကျော်ဆန်း (ခ) အန်ကူးပါး (ခ) အငူပါးမှ ဦးဆောင်၍ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ပြစ်မှုကျူးလွန်သူ များအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ အောင်ကျော်ဆန်း (ခ) အန်ကူးပါး(ခ) အငူပါးအား မေလ ၃၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင် သာကေတမြို့နယ်၊ (၁၄)ရပ်ကွက်၊ သလ္လာဝတီ(၂)လမ်းရှိ ဓားပြတိုက်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လင်းထက်ဇဏ်(ခ) နွားကြီး (၁၉)နှစ်၏နေအိမ်၌ လင်းထက်ဇဏ်(ခ) နွားကြီး၊ စက်မြေရပ်ကွက်နေ ခန့်ဇင်လင်း(ခ) ကိုခန့် (၁၈)နှစ်၊ မှော်စက်ရပ်ကွက်နေ နိုင်နိုင်(ခ) နိုင်းနိုင်း (၂၀)နှစ်တို့ ၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

တရားခံ အောင်ကျော်ဆန်း (ခ) အန်ကူးပါး (ခ)အငူပါး၏ ထွက်ဆိုချက်အရ ဓားပြတိုက်မှု အား ချစ်နိုင်(ခ) ရာဂျူး(ခ) ကတုံး၏ သတင်းပေးလက်ထောက်ချမှုဖြင့် ၎င်းမှဦးဆောင်ကာ လင်းထက်ဇဏ်(ခ) နွားကြီး၊ ခန့်ဇင်လင်း(ခ) ကိုခန့်၊ နိုင်နိုင်(ခ) နိုင်းနိုင်း၊ ဘိုဘိုမင်းသူ (ခ) ဘိုဘိုနှင့် ဟန်ဝင်းဇော်တို့ ၆ ဦးမှ လတ်တလောစီးပွားရေးအဆင်မပြေသဖြင့် ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဓားပြတိုက်ရာမှ ရရှိခဲ့သည့် ငွေများနှင့် ရွှေထည်ပစ္စည်းများအား ထုခွဲရောင်းချ၍ ခွဲဝေသုံးစွဲခဲ့ကြခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည့်အတွက် ဖမ်းဆီးရန်ကျန်တရားခံများအား ထပ်မံဖမ်းဆီးရမိ နိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ယင်းနေ့ညပိုင်း၌ ဒလမြို့နယ်၊ ကမာကဆစ် ရပ်ကွက်နေ ဟန်ဝင်းဇော် (၁၉)နှစ် (ဘ) ဦးဇော်မင်းထွေးအား သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က) ရပ်ကွက်၊ ကျိုက္ကဆံဘုရားလမ်းပေါ်ရှိ “ရွှေ”တည်းခိုခန်း၌ လည်းကောင်း၊ ဒလမြို့နယ်၊ ကမာကဆစ် ရပ်ကွက်နေ ဘိုဘိုမင်းသူ (ခ) ဘိုဘို (၁၉)နှစ် (ဘ)ဦးသက်ထွေးအား မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာရှိ ၎င်း၏ဦးလေးတော်စပ်သူ ဦးကြည်ညွန့်၏နေအိမ်၌လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် ဓားပြတိုက်မှုကျူးလွန်သူ အမျိုးသား ၇ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ သက်သေခံပစ္စည်းများဖြစ်သည် ရွှေအလေးချိန် ၁ ကျပ်၊ ၉ ပဲ၊ ၇ ရွေး တန်ဖိုးငွေကျပ် ၂၈၇၇၀၀ဝ ကျပ်၊ ငွေ ၈၃၇၅၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၄ လုံး၊ နာရီ ၁ လုံးတို့အား တရားခံအသီးသီးထံမှ ပြန်လည်သိမ်းဆည်းရမိခဲ့ကာ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)