MNP - ဇွန် ၃၀
ကျေးလက်တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းအထောက်အကူများစွာ ရရှိကာအထွက်နှုန်း ပိုမိုရရှိသည့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်)စိုက် ပျိုးရန်ထယ်ထိုး၊မြေမြှုပ်ခြင်း လက်တွေ့ပြသပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် စီပင် စိုက်ပျိုးရေးသုတေသနခြံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် စီပင်စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ပပအေးက တောင်သူများ၏ လယ်ယာမြေမှမြေဆီလွှာဖွံ့ဖြိုး တိုးတက်ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးရခြင်းကြောင့် မြေဆီလွှာဂုဏ်သတ္တိများ၊ ရေရှည်ကောင်းမွန်စေ၍ သဘာဝပတ်ဝန်းကျင်ညစ် ညမ်းမှုများကို လျော့နည်းစေရန်၊ ဓာတုမြေဩဇာအစား သစ်စိမ်းမြေဩဇာအစားထိုးစိုက်ပျိုးအသုံးပြုခြင်းဖြင့် လက်ရှိတောင်သူများ ကြုံတွေ့နေရသောဓာတ်မြေဩဇာဈေးကြီး မြင့်မှုတို့ကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်စေရန်၊ မြေဆီလွှာအတွင်းရှိ အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး သစ်စိမ်းဓာတ်ကိုတိုးတက်စေကာ မြေသားဖွဲ့စည်းမှု ကောင်းမွန်စေ၍ လေထုထဲမှနိုက်ထရိုဂျင်ဓာတ်ကို ဖမ်းယူပေးသည့်အတွက် မြေဆီလွှာအတွင်းရှိ အပင်၏အာဟာရဓာတ်များ မြေအောက်သို့စိမ့်ဝင်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးခြင်းဖြင့် စိုက်ပျိုးမြေအတွက် မြေဩဇာအထောက်အပံ့များရရှိစေ၍ မြေဆီလွှာ၏ ထုတ်လုပ်မှုစွမ်းအား တိုးတက်ကောင်းမွန်လာပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖော်ဆောင် နိုင်ရန် သစ်စိမ်းထည့်သွင်းခြင်းကြောင့် မြေ၏လက္ခဏာရပ်များဖြစ်သည့် လေထွက်ကောင်းမွန်ခြင်း၊ ရေစိမ့်ဆင်းမှုကောင်းမွန်ခြင်း၊ထွန်ယက်စိုက်ပျိုးလွယ်ခြင်း၊ မြေတွင်းရှိ အနုဇီဝပိုးများ ကောင်းစွာရှင်သန်ပွားများနိုင်ခြင်းများ ဖြစ်ပေါ်စေခြင်းတို့ကို ရှင်းလင်းပြောကြားပြီး စီပင် စိုက်ပျိုးရေးသုတေသနခြံ ကွင်းတာဝန်ခံဦးစိုးဝင်းက သစ်စိမ်းမြေ ဩဇာ(ပိုက်ဆံလျော်)(၁၂)ဧက သုတေသနပြုစိုက်ပျိုးခြင်းမှ ထယ်ထိုး၊ မြေမြှုပ်ခြင်းလုပ်ငန်းအဆင့်ဆင့်ရှင်းလင်းပြသပြီး တက်ရောက်လာသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ စီပင်ခြံတာဝန်ခံနှင့် ကွင်းတာဝန်ခံတို့ကပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်တို့မှ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း (၄၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ဇော်ဝင်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment