တူသော အကျိုးပေးပြီလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တူသော အကျိုးပေးပြီလား

 


မြန်မာနိုင်ငံအဝှမ်းမှာ NLD အစွန်းရောက် တွေ့ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ရန်ပြုစော်ကား လုပ်ကြံသတ်ဖြတ်မှုကြောင့် သံဃာတော် ၄၈ပါး၊ ဆရာ/ ဆရာမ ၄၀ ဦးအပါအဝင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၂၇၀၀ အထိ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုနဲ့ ပတ်သက်လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာက လူတွေနဲ့ အစောဆုံး တွေ့ဆုံးမေးမြန်းမှု လုပ်ခဲ့ဖူးတယ်။

NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားတွေရဲ့ ရန်ပြုစော်ကား လုပ်ကြံသတ်ဖြတ်မှုကြောင့် တိမ်းရှောင်နေရာကနေ ကန့်ဘလူမြို့က ဆရာတော်ဦးဝါသဝနဲ့ အချိတ်အဆက်ရပြီး တွေ့ဆုံမေးမြန်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တွေ့ဆုံမေးမြန်းခဲ့သူ ၅ဦး အနက်က ဦးညွန့်ခိုင်နဲ့ ညီမဖြစ်သူ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်က ရက်စက်ယုတ်မာမှုတွေကို အဆိုးဆုံး ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေဖြစ်တယ်။

NLD အစွန်းရောက်တွေဟာ ဦးညွန့်ခိုင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ရှာမရတဲ့အခါကြတော့ သူ့ရဲ့ မိသားစုဝင် ညီ၊ ညီမရဲ့ ယောက်ျား၊ မိခင်၊ ဖခင် လေးဦး အထိ အသတ်ခံခဲ့ရတယ်။ ဦးညွန့်ခိုင်ရဲ့ ညီမ မသူဇာဝင်းနဲ့ မေးမြန်းတဲ့အခါ ကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်သတ်ဖြတ်မှုကလည်း ရက်မလည်သေးဘူး။ မိအို၊ ဖအိုတွေကို ကောင်းစွာ မသင်္ဂြိုလ်ခဲ့နိုင်ဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ကလေး(၂)ယောက်ကို အရစွဲပြီး အသက်လုပြေးခဲ့ရတဲ့အခြေအနေ ဖြစ်ပါတယ်။ သူ့ကို မေးမြန်းတဲအခါကြတော့ မေးမြန်းမှုကို ဖြေရင်းနဲ့ပဲ ငိုပါလေရော။ မသူဇာဝင်း ကြုံတွေ့ခဲ့ရတဲ့ အခြေအနေက ထမင်းဝိုင်းမှာ မိသားစု ထမင်းထိုင်စားနေတာကို NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားတွေက ဝင်လာပြီး သူမရဲ့ ခင်ပွန်းကို ပစ်သတ်လိုက်ကြတယ်။ သူကတော့ ထမင်းထခူးရင်းနဲ့ အိမ်နောက်ထွက်ပြေးလို့ လွတ်ခဲ့ရတယ်။ ခေါင်းရင်းအိမ်မှာ ရှိနေတဲ့ အဖေနဲ့ အမေဆီ သွားပြီး ထမင်းထိုင်စားနေတဲ့ အသက် ၇၃ နှစ်အရွယ် အဖိုးအိုကိုလည်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက သတ်လိုက်ကြတယ်။ ဒုက္ခိတအဖြစ်နဲ့ အိပ်ယာထဲ လဲနေတဲ့ အဖွားအိုကိုလည်း ပစ်သတ်သွားခဲ့ကြတယ်။ ထပ်ပြီးတော့ မသူဇာဝင်းကို သတ်ဖို့ လိုက်ရှာကြတယ်။ မတွေ့တဲ့အဆုံးမှ လက်လျှော့ပြီး NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေ ပြန်သွားကြတယ်။ အိမ်ပေါ် ပြေးလာကြည့်တော့ ခင်ပွန်းလည်း အသက်မရှိတော့ဘူး။ မိခင်ဖခင်တွေမှာလည်း အသက်မရှိတော့ဘူး။ အသတ်မခံရဘဲ ကျန်နေခဲ့တဲ့ သားနဲ့ သမီးကို လက်စွဲပြီး ပြေးမိပြေးရာ ပြေး။ တောထဲမှာ တစ်ညလုံး ပုံးခိုနေပြီး နောက်တစ်ရက်မှ ရဲတပ်ဖွဲ့ လာရောက် ခေါ်ဆောင်လို့ ဘေးလွတ်ရာရောက်ခဲ့ရတယ်။

အဲဒီလို တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြရတာ ပိုပြီး ဝမ်းနည်းစရာပေါ့ဗျာ။ ဘယ်သူက ကိုယ့်မိသားစုဝင်တွေကို အခုလို အကြောင်းမဲ့ သတ်ဖြတ်တာမျိုးကို ခံနိုင်မလဲ။ မသူဇာဝင်းရဲ့ နေရာမှာ ငါသာဆိုရင် ဆိုတဲ့ အစားထိုး ခံစားမှုမျိုးနဲ့ ဝင်ရောက်ခံစား ကြည့်ကြစမ်းပါ။ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေကြတဲ့ NLD အစွန်းရောက်တွေအနေနဲ့လည်း ကိုယ်ချင်းစာတရားလေးနဲ့ ခံစားကြည့်ကြစမ်းပါ။

ဒီရုပ်သံတွေကို ကျွန်တော်ထုတ်လွှင့်ရင် ပြဿနာရှိတယ်။ အထူးသဖြင့်တော့ ဦးညွန့်ခိုင်၊ မမိုးသူဇာ၊ မမို့မို့ဝင်း၊ မသူဇာဝင်း တို့ ကို PDF အကြမ်းဖက်သမားတွေက ပိုပြီး ပစ်မှတ်ထားလာနိုင်တယ်။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေထံကို ဘာမှ ဖြတ်တောက်ခြင်းမရှိဘဲ ရိုက်ကူးမှတ်တမ်းတင်လာသည့်အတိုင်း ပေးပို့လိုက်ပါတယ်။ သူတို့တွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူပေးရန်လည်း တင်ပြခဲ့ပါတယ်။ အဲဒီမှတ်တမ်းတွေကို MRTV, MWD တို့မှာလည်း ဖော်ပြခဲ့သလို နိုင်ငံတော်ပိုင် သတင်းစာတွေမှာလည်း ဖော်ပြသွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်က နစက သက်တမ်း ၁နှစ်မပြည့်သေးတဲ့ ကာလအတွင်းမှာ အဆိုးဆုံးကြုံခဲ့ရတဲ့ အခြေအနေဖြစ်ပါတယ်။ NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားတွေက ပိုးပြီး ယုတ်မာရိုင်းစိုင်းလာကြတယ်။ လူကို မသေမရှင် လက်ဖြတ်၊ ခြေဖြတ်လုပ်ပြီး ဗွီဒီယိုဖိုင်ရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေကနေ ဖြန့်ဝေတယ်။ ပြည်သူကို အကြောက်တရားတွေနဲ့ ခြိမ်းခြောက်ခဲ့ကြတယ်။ နောက်ဆုံး ဆရာတော်ဦးဝါသဝ ကျောင်းမှာ လာရောက်တိမ်းရှောင်နေတဲ့ အမျိုးသမီးတစ်ဦးကို ဆက်သွယ်မေးမြန်းခွင့် ရတဲ့အခါမှာ သူ့ရဲ့အမျိုးသားကို ဝက်သားခုတ်သလိုကို အပိုင်းအပိုင်းအတစ်တစ် ခုတ်သတ်သွားခဲ့ကြတာလို့ ဝမ်းနည်းခြင်းကြီးစွာနဲ့ ပြောတယ်။

ဒီလို ယုတ်မာရိုင်းစိုင်းသူတွေကို သူတို့ရဲ့ ယုတ်မာရိုင်းစိုင်းမှုနဲ့ ထိုက်တန်တဲ့ ပြစ်မှုက ဘာလဲ။ ထောင် (၁၀)နှစ်လား၊ ထောင် အနှစ်(၂၀)လား။ ဒီလိုထောင်ဒဏ် ချမှတ်လိုက်ရုံနဲ့ တရားမျှတမှု ပေးနိုင်ပြီတဲ့လား။ ဒီလို ယုတ်မာရိုင်းစိုင်းသူတွေ အတွက် တူညီသော ပြစ်ဒဏ်တော့ ရှိသင့်တယ်ဆိုတာကိုပဲ စဉ်းစားအဖြေရှာခဲ့ဖူးပါတယ်။

သို့ပေသော် ကျွန်တော်တို့တွေက အသိတရားနဲ့ ဆင်ခြင်ကြဖို့၊ လုပ်ကြံသတ်ဖြတ်မှုတွေကို အဆုံးသတ်ကြဖို့သာ အလေးထားပြောဆိုခဲ့ပါတယ်။ NLD အစွန်းရောက်တွေက ဆင်ခြင်တုံတရားမရှိတဲ့ အပြင် ပိုပြီး ဆိုးသွမ်း ယုတ်မာရက်စက်မှုတွေက ကမ်းတက်လာတယ်။ ပခုက္ကူမြို့နယ်ထဲမှာ ကျောင်းထိုင်ဆရာတော်ကို သတ်ဖြတ်ပြီး ငွေ သိန်း ၂၀နဲ့ ကားကို လုယူသွားတဲ့ ဖြစ်စဉ်၊ နောင်ချိုမြို့ပညာရေးမှူးရုံးမှာ ဆရာ/ ဆရာမများ အစည်းအဝေးကျင်းပနေစဉ် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဆရာမကြီးတစ်ဦး သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တွေ အတွက် ဘယ်မှာလဲ တရားမျှတမှု။ ကျူးလွန်သူတွေဟာ ဘယ်လိုပြစ်ဒဏ်မျိုးနဲ့ ထိုက်တန်သလဲ။ စဉ်းစားကြည့်ကြ။

တချို့ အကြမ်းဖက်သမားတွေ သေဒဏ်ပေးလိုက်တယ်၊ မသေမချင်း ကြိုးကွင်းစွပ်သတ် ဆိုတဲ့ ပြစ်ဒဏ်ချမှတ်တာတွေ ရှိတယ်။ ဒါပေမယ့် သူတို့ကို တကယ် သေဒဏ်စီရင်ခဲ့တာ မရှိဘူး။ သူတို့ မသေမချင်း သေဒဏ်တိုက်ထဲမှာ ထားပြီး ကျွေးမွေးထားရတာ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့ပေါ်မှာ ရဲတပ်ဖွဲ့ဝင် အများအပြားကို အစုလိုက်အပြုံလိုက်သတ်ခဲ့တဲ့ဖြစ်စဉ်ဆိုရင် NLD လွှတ်တော်အမတ်ဟောင်း ဇေယျာသော်ဦးဆောင်ပြီး လုပ်ခဲ့ခြင်းဖြစ်တယ်။ ၈၈ပွင့်လင်းက ဂျင်မီဆိုရင်လည်း လူအများအပြားသေကျေပျက်စီးအောင် လှုပ်ရှားဖို့ အစီအစဉ်တွေ အများကြီးချမှတ်ထားတယ်။ ဖောက်ခွဲတိုက်ခိုက်၊ လုပ်ကြံသတ်ဖြတ်မှုတွေလည်း ကျူးလွန်ခဲ့ပြီးပြီ။ သူတို့ ၂ယောက်ကို မိလိုက်တော့မှ ရန်ကုန်မြို့ပေါ်မှာ လုပ်ကြံသတ်ဖြတ်ခံရမှုတွေ လျော့ပါးသွားတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ သူတို့ကို ဖမ်းဆီးရမိပြီး သေဒဏ်ချတယ်လို့သာ ပြောတာ။ ထောင်ထဲမှာ ကျွေးမွေးထားရခြင်း ဖြစ်ပါတယ်။

အဲဒီတော့ စဉ်းစားကြည့် NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့မျိုးစုံက ပြဿနာရှာပြီး နှိပ်စက်ညှဉ်းပမ်းတာ၊ လုပ်ကြံသတ်ဖြတ်တာတွေ ခံခဲ့ရတဲ့ သူတွေရဲ့ မိသားစုဝင်တွေမှာ တရားမျှမှု မရခဲ့ဘူး။ ဘယ်လို စီရင်ဆုံးဖြတ်ပါ ဆိုတာကို ကျွန်တော်တို့ ပြည်သူတွေက စောဒကတက်ခွင့် ရှိသူတွေလည်း မဟုတ်ဘူး။

အမြဲတမ်း မှန်နေတဲ့ အမှန်တရားကတော့ တူသောအကျိုး ပေးမှာပဲ။ ဒီလိုပဲ သဘောပိုက်ပြီး ကျွန်တော်တို့ က စောင့်ကြည့်နေခဲ့ရတဲ့ ပြည်သူတွေပါ။ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအနေနဲ့များ အသိတရားရပြီး ဆင်ခြင်သွားလေမလားဆိုတဲ့ မျှော်လင့်ချက်ကတော့ မပြည့်ခဲ့ပါဘူး။ ကြာလေ ကြာလေ ပိုပြီး ရက်စက်ယုတ်မာ ရိုင်းစိုင်းလာလေပဲ ဖြစ်ပါတယ်။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ ချက်ချင်း အကျိုးပေးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ သူများမကောင်းကြံ ကိုယ်အရင် ဘေးဒဏ်ထိ ဆိုစကားအတိုင်း ကရင်ပြည်နယ်ဘက်မှာ NLD အစွန်းရောက်တွေက လူငယ်တစ်ဦးကို အကြမ်းဖက်သမားအဖြစ် အသုံးချပြီး စာသင်ကျောင်းကို ဖောက်ခွဲခိုင်းခဲ့တယ်။ ဗုံးက ထောင်တဲ့ အဆင့်ကို မရောက်ဘဲ လက်ထဲမှာတင် ပေါက်ကွဲပြီး လူငယ်လေး ထိခိုက်ဒဏ်ရာရရှိပြီး ဖမ်းဆီးခြင်းခံရတယ်။ စစ်ဆေးလိုက်တဲ့အခါကြတော့ ငွေ သိန်း ၂၀ ပေးပြီး ခိုင်းစေလို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထွက်ဆိုတယ်။ ဒါက အသက်ဘေးအန္တရာယ်မကြုံလိုက်ရဘူး။ NLD အစွန်းရောက်တစ်ဦး မြင်းခြံမှာ ရဲတပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာဆောင်ကို သွားပြီး ဖောက်ခွဲတိုက်ခိုက်ဖို့ လုပ်ခဲ့တယ်။ သူ့လက်ထဲမှာတင် ဗုံးကွဲပြီး သေဆုံးခဲ့ရတယ်။ ရန်ကုန်မြို့ ဘုရင့်နောင်ကားဝင်းထဲမှာ ချိန်ကိုက်ဗုံးထောင်တဲ့ အကြမ်းဖက်သမားတစ်ဦး ဗုံးထောင်နေစဉ်မှာပဲ ပေါက်ကွဲပြီး တစ်စစီဖြစ်ခဲ့ရတယ်။ ဒီလိုဖြစ်စဉ်ပေါင်း အကြိမ် ၂၀ထက်မနည်း ဖြစ်ခဲ့ဖူးပါတယ်။

မီဒီယာလို အသံကောင်းဟစ်နေတဲ့ ပြည်ဖျက်မီဒီယာတွေက အဲဒီလို ဖြစ်စဉ်တွေကို သတင်းမဖော်ပြဘူး။ ဖုံးကွယ်ထားကြတယ်။ ဘာကြောင့် ဒီလိုသတင်းမျိုးတွေကို ထိန်ချန်ဖုံးကွယ်ထားတာလဲဆိုရင် လူငယ်တွေကို အကြမ်းဖက်လုပ်ရပ်မှာ အသုံးချလို့ မရတော့မှာစိုးလို့။ 

NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားက သတ်လိုက်ပြီဆိုရင်တော့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now ဆိုတဲ့ မီဒီယာအမည်ခံတွေနဲ့ သူတို့ရဲ့ အစွယ်အပွား မီဒီယာဆိုတာတွေက ဒလန်မို့လို့ အသတ်ခံရတယ်။ စစ်တပ်ရဲ့ ဒေါက်တိုင်မို့လို့ အသတ်ခံလိုက်ရတယ်လို့ အားရဝမ်းသာ ရေးသားဖော်ပြကြတယ်။ NLD လော်ဘီလို့ ဆိုတဲ့ အကြမ်းဖက်လှုံ့ဆော် အုပ်စုကလည်း ဘယ်မြို့မှာတော့ မုန့်ဟင်းခါး ဘယ်နှပွဲစားလိုက်ပြီ။ ဘယ်ရပ်ကွက်က အုပ်ကြီးကိုတော့ ဇွပ် ဇွပ် လုပ်လိုက်ပြီ။ ဝမ်းသာအားရ ဂုဏ်ယူဖော်ပြခဲ့ကြခြင်းဖြစ်ပါတယ်။

အဲဒီလို ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်သမားတွေနဲ့ ထိုက်တန်တဲ့ ပြစ်မှုကဘာလဲ။ သူတို့ သတ်ခဲ့တဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူအရေအတွက်က တစ်ယောက်တည်းမဟုတ်ဘူး။ ဆယ်ယောက်မဟုတ်ဘူး။ ၁၀၀ မဟုတ်ဘူး။ ၁၀၀၀ မကဘူး။ ဘယ်လိုပြစ်ဒဏ်မျိုးနဲ့ ထိုက်တန်သလဲ။ တရားမျှတမှုကို စောင့်မျှော်နေကြတဲ့ အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေဘက်ကနေ ခံစားကြည့်မယ်ဆိုရင် ဘယ်လိုပြစ်ဒဏ်မျိုးမှ တရားမျှတမလဲ။

ကျွန်တော်တို့ အစဉ်တစိုက် ဝေဖန်ခဲ့တာကတော့ နစက အစိုးရသည် အကြမ်းဖက်သမားများအပေါ်မှာ လွန်စွာ ငဲ့ညှာ ထောက်ထားပြီး အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေအတွက် ထည့်သွင်းစဉ်းစားပေးမှုအပိုင်း အားနည်းနေတယ်။ တရားမျှတမှု ပျောက်ဆုံးနေခြင်းပဲ ဖြစ်ပါတယ်။

လူပေါင်းများစွာကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ NLD အစွန်းရောက် တွေကို တရားရုံးတော်များက သေဒဏ်ချမှတ်ထားတာတွေ ရှိပါတယ်။ အထက်မှာ တင်ပြခဲ့သလိုပဲ ထောင်ထဲမှာ ကျွေးမွေးစောင့်ရှောက်ထားရခြင်းဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ၁၅ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားတစ်ဦးက သေဒဏ်ချမှတ်ထားသူတွေကို သေဒဏ် စီရင်ဖို့ ရှိ/ မရှိ။ ဆက်လက်စောင့်ရှောက်ထားမှာလား ဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

အဲဒီလို မေးတော့မှ ပြန်ကြားရေးဒုဝန်ကြီးက သူတို့ကျူးလွန်ထားတဲ့ ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကိုတော့ စီရင်သွားမှာပါလို့ ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအဖြေဟာ တရားမျှတမှုကို မျှော်လင့်နေကြတဲ့ အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေရဲ့ လိုလားချက်ကို ထင်ဟပ်တဲ့ အဖြေဖြစ်ခဲ့ပါတယ်။ ပါတီတစ်ခုကတည်ဆဲ ဥပဒေအရပ်ရပ်ကို ချိုးဖောက်ပြီး တိုင်းပြည်နဲ့ လူမျိုးအပေါ် အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်လာတဲ့အပေါ်မှာ ဥပဒေကို အလေးထားဆောင်ရွက်ဖို့ မဖြစ်မနေ လိုအပ်လာတဲ့ အခြေအနေဖြစ်ပါတယ်။

ဒီအဖြေနဲ့ ထပ်တူကျတဲ့ သတင်းကိုတော့ (၃-၆-၂၀၂၂) ရက်နေ့မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး သေဒဏ်ချမှတ်ခြင်းခံထားရတဲ့ အကြမ်းဖက်သမားများထဲမှ အကြမ်းဖက်သမား ၄ဦးကို သေဒဏ် စီရင်လိုက်ပါတယ်။ 

NLD အစွန်းရောက်တွေက သတ်ဖြတ်လို့ တစ်နှစ်ကျော်ကြာလအတွင်းမှာ နေ့စဉ်ရက်ဆက် ဆိုသလို ဘယ်မှာတော့ ဆရာတော်တစ်ပါး အသတ်ခံရပြန်ပြီ။ ဘယ်မှာတော့ ဆရာ/ဆရာမတစ်ဦး အသတ်ခံရပြန်ပြီ။ အပြစ်မဲ့ ပြည်သူတွေကို ရက်ရက်စက်စက် သတ်သွားကြပြန်ပြီဆိုတဲ့ သတင်းဆိုးတွေနဲ့ပဲ နေ့ရက်ပေါင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ အခု အစွန်းရောက် အကြမ်းဖက်သမားတွေကို သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်မျိုး စီရင်ပြီဆိုတော့လည်း သတင်းကောင်းလို့ မယူဆပါဘူး။

ဒါနဲ့ ပတ်သက်လို့ သတင်းစာရှင်းပွဲတွေမှာလည်း ပြန်ကြားရေးဒုဝန်ကြီး အမြဲတမ်း ပြောနေကျ စကားပါပဲ။ PDF ပဲ သေသေ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေပဲ သေသေ တိုင်းပြည်အတွက် အရှုံးပဲ။ အားလုံးဟာ ကိုယ့်တိုင်းရင်းသား ပြည်သူတွေချည်းပါပဲ။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေရဲ့ မတရားသဖြင့် ဖမ်းဆီးနှိပ်စက် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေနဲ့ မိသားစုဝင်တွေအတွက် ဖြေသိမ့်မှုတစ်ခုပေါ့။ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေအနေနဲ့ ဆင်ခြင်ကြဖို့ ကောင်းပြီ။ သတိပြုမိဖို့ သင့်ပြီ။ ၄ယောက်ကို သေဒဏ်စီရင်တယ်ဆိုတာက သူတို့ကျူးလွန်ထားတဲ့ ပြစ်မှုနဲ့ တိုင်းတာရင် မပြောပလောက်ပါဘူး။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ယုတ်မာရိုင်းစိုင်းစွာ ပျော်ပျော်ကြီး ကျူးလွန်ခဲ့ကြသူတွေ။ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ ပြစ်ဒဏ် ချတာ ၄ယောက်တည်းပါ။ လောကဓမ္မ အရ သူများကို ဘေးဒုက္ခရောက်အောင် လုပ်ဖို့ ကြံစည်ရင်း လျှပ်တစ်ပျက်အတွင်းမှာပဲ ဇီဝိန်ချုပ်သွားခဲ့ကြရတဲ့ ဖြစ်ရပ်ကလည်း ရန်ကုန်မြို့ပေါ်မှာ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ ထိခိုက်ဒဏ်ရာရသူတွေတောင် အနာမကျက်သေးပါဘူး။

PDF အကြမ်းဖက်အဖွဲ့များထဲ ရောက်ရှိနေကြတဲ့ လူကြီး၊ လူငယ်အပေါင်းတို့ ပြည်ပသြဇာခံ လက်ပါးစေ ပြည်ပြေးတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေနောက်မှာ မိုက်ရူးရဲဆန်ဆန် ဆင်ကန်းတောတိုး မိုက်လုံးထွားနေတာတွေကို အဆုံးသတ်ကြပါတော့။ ဥပဒေအရ သေဒဏ် စီရင်ခြင်းခံရတဲ့ ပုဂ္ဂိုလ် (၄)ဦး၊ လောကဓမ္မက စီရင်ဆုံးဖြတ်ခြင်း ခံလိုက်ရသူတွေအတွက် ခင်ဗျားတို့ကို သွေးထိုးလှုံ့ဆော်နေတဲ့ ပြည်ပသြဇာခံ လက်ပါးစေ ပြည်ပြေးတွေက ဘယ်လိုကုစားပေးလဲ။ ဘယ်လို အထောက်အပံ့တွေပေးသလဲ။ ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင်တောင် ရေးသားထုတ်ပြန်တာမျိုး မရှိပါဘူး။ အသိ၊ သတိနဲ့ ဆင်ခြင်တိုင်းထွာပြီး အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်ကြပါတော့လို့ ထပ်လောင်းမေတ္တာရပ်ခံပါရစေ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)