MNP - ဇွန် ၃၀
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ တောင်သူများအား မိုးရာသီမိုးစပါး သီးနှံစိုက်ပျိုးမှု အဆင်ပြေစေရေးအတွက် ယနေ့က မုဒုံမြို့နယ် မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ နှီးပဒေါကျေးရွာနှင့် ဂုန်ညင်းတန်းရပ်ကွက်နေ တောင်သူ လယ်သမားများအား မိုးစပါးစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ပေးခဲ့သည်။
ထိုသို့ ထုတ်ချေးပေးရာတွင် ၂၀၂၀ မိုးချေးငွေနှင့် ၂၀၂၁ မိုးချေးငွေ ပြေကျေသည့် တောင်သူလယ်သမားများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ လယ်တစ်ဧကလျှင် တစ်သိန်းခွဲ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် နှီးပဒေါကျေးရွာရှိ တောင်သူလယ်သမား ၆၂ ဦး၏ လယ်ဧက ၃၇၃ ဧက အတွက် ဘဏ်ချေးငွေကျပ် ၅၅၉ ဒသမ ၅၀ သိန်းကိုလည်ကောင်း၊ ဂုန်ညင်းတန်းရပ်ကွက်ရှိ တောင်သူလယ်သမား ၁၉ ဦး၏ လယ်ဧက ၁၁၂ ဧကအတွက် ဘဏ်ချေးငွေကျပ် ၁၆၈ သိန်းကိုလည်ကောင်း ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာများကိုလည်း စက်တင်ဘာလကုန်အထိ ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာထံမှ သိရသည်။
မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ(၄၂)ရွာမှ လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက် မှတ် ( ပုံစံ - ၇) ပိုင်ဆိုင်မှု မှန်ကန်ပြီး ငွေချေးစည်းကမ်းသတ်မှတ်ချက်များနှင့် ညီညွတ်သော တောင်သူလယ်သမားများကို မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့မှ စတင်ထုတ်ချေးပေးခဲ့ရာ ဇွန် ၂၉ ရက်နေ့အထိ ကျေးရွာပေါင်း (၂၆) ရွာမှ တောင်သူ (၁၃၉၂)ဦး၏ လယ်ဧက (၉၉၈၇)ဧကအတွက် ချေးငွေစုစုပေါင်း( ၁၄၉၈၀ ဒသမ ၅၀)ကျပ်သိန်းကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
သတင်း - အောင်မျိုးသူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment