ဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်မြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် သားဖွားသင်တန်းကျောင်းသို့ သွားရောက်၍ တာဝန်ရှိသူများအားတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်မြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် သားဖွားသင်တန်းကျောင်းသို့ သွားရောက်၍ တာဝန်ရှိသူများအားတွေ့ဆုံ


MNP - ဇွန်   ၁


တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်မြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် သားဖွားသင်တန်းကျောင်းသို့ သွားရောက်၍ တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖျာကျေးရွာအုပ်စု ကဘင်းကျေးရွာရှိ နည်းပညာ တက္ကသိုလ်တွင် ဝန်ထမ်းများအားတွေ့ဆုံရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်စိုးလွင်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များနှင့် သင်ကြား၊ သင်ယူဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြသည်။ ထိုနောက် ဝန်ကြီးချုပ်ဦးမြတ်ကိုက ကျောင်းသား/သူများ ပညာတတ်ရေးနှင့် ဒေသအတွက် နိုင်ငံအတွက် လူတော်လူကောင်းတွေရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေး ကြစေလိုကြောင်း၊ နောင်တချိန်မှာ ဒေသတွေကို ဦးဆောင်ကြမည့် လူငယ်လူရွယ်များ ပညာတတ်တွေဖြစ်မှသာလျှင် ဒေသဖွံ့ဖြိုးမှုတွေကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားသည်။


ထိုနောက် တက္ကသိုလ်၏လိုအပ်သည်များကို ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်ပြီး စန္ဒဝတ်ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (မြိတ်) သို့ ရောက်ရှိခဲ့ပြီး တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာသန္တာဝင်းက တက္ကသိုလ် ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန် မှာကြားပြီး မြိတ်ခရိုင်၏ နိုင်ငံသားကိုယ်ရေးအချက်အလက် (နိုင်-၄) မှတ်တမ်းများအား e-ID စနစ်ဖြင့် Software အတွင်းဖြည့်သွင်း ဆောင်ရွက်ရာတွင် ကွန်ပျူတာတက္ကသိုလ်မှ ကူညီဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားပြီး တက္ကသိုလ်၏ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ခေါင်းရပ်ကွက်ရှိ သားဖွားသင်တန်းကျောင်းသို့ ရောက်ရှိ၍ သင်တန်းကျောင်း တာဝန်ရှိသူများနှင့် သင်တန်းသူများအားတွေ့ဆုံရာ သင်တန်းကျောင်းတာဝန်ခံ နည်းပြဒေါ်ယုယုမော်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက် များနှင့် အကြီးစားပြုပြင်တည်ဆောက်မည့် (၄) ခန်းတွဲ (၂) ထပ် ကျောင်းသူအိပ်ဆောင်  ပြုပြင်မွမ်းမံဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေ (၅) သိန်းကျပ်နှင့် သင်တန်းသူများ စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ကြက်ဥနှင့် ငါးများ ဖြည့်စွက်ပံ့ပိုးပေးနိုင်ရေး အလှူရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)