မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်မရောမြို့နယ် မိကသစ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲ၊ (၂) ထပ်ကျောင်းဆောင်သစ် ပေးအပ်ပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်မရောမြို့နယ် မိကသစ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲ၊ (၂) ထပ်ကျောင်းဆောင်သစ် ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

 


MNP ၊ ဇွန် ၂၁

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် မိကသစ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကိုယ်ထူကိုယ်ထ (၂) ထပ် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်သည်။


အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက “တို့ကျောင်းတော်”၊ “ပြည်ထောင်စု ငြိမ်းချမ်းသော” တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိကသစ်ကျေးရွာသည် ကျိုက်မရော မြို့နှင့် (၂၅) မိုင်ခန့်ကွာဝေးပြီး ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ထိစပ်နေပြီး ကရင်လူမျိုး အများစုနေထိုင်သည့် ကျေးရွာဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ သွားလာရေး အဆင်ပြေစေရန်နှင့် လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို သက်ဆိုင်ရာဘဏ္ဍာရေး နှစ်များအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း၊ ပိတောက်မြိုင်-မိခွား-လေးအိမ်စု မြေသားလမ်း (၂) မိုင် (၇) ဖာလုံနှင့် မိကသစ်-လေးအိမ်စု (၁) မိုင်အရှည်ရှိ ကတ္တရာလမ်းပိုင်းတို့အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင်လည်း မွန်ပြည်နယ်အနေနဲ့ တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်း အနေဖြင့်လည်း ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ ပထမဆု (၇) ကြိမ်၊ ဒုတိယဆု(၁)ကြိမ်နှင့် တတိယဆု(၂)ကြိမ်အထိ ဆွတ်ခူးရရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တွင်လည်း မွန်ပြည်နယ်အနေနဲ့ (၅၇.၂၁)% ဖြင့် ပထမဆုကို ရရှိခဲ့ကြောင်း၊ မိကသစ်အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)အနေဖြင့်လည်း (၆၃%)အထိ အောင်မြင်ခဲ့သည့် အတွက် ပညာရေးအခြေခံ ကောင်းမွန်သည့် ကျေးရွာ ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ အမှတ်(၁၀၂၁) နယ်ခြားစောင့်တပ်ရင်းမှူး ဦးစောဘလူးက ကျေးဇူးတင်စကား ပြောကြားခဲ့ရာ မိကသစ်ကျေးရွာ၌ ၁၉၈၉ ခုနှစ်ဝန်းကျင်ခန့်က တက္ကသိုလ်ဝင်တန်း အောင်မြင်မှု မှာ (၄)ဦးခန့်သာရှိပြီး ပညာသင်ကြားရန် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ ယခု ကျောင်းဆောင်သစ်ကြီးအား ကျေးရွာ၌ ပညာတတ်များ ပေါများလာစေရန်နှင့် သင်ကြားမှု/ သင်ယူမှု အခက်အခဲများကို လျော့နည်းစေရေး ရည်ရွယ် တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကျေးရွာသူ၊ ကျောင်းသားများ၏ စုစည်းညီညွှတ်မှုကြောင့် တည်ဆောက် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကျောင်း ဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို အလှူရှင် အမှတ်(၁၀၂၁) နယ်ခြားစောင့် တပ်ရင်းမှူး ဦးစောဘလူးက ပေးအပ်ရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အလှူငွေများကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက စာရေးကိရိယာနှင့်အားကစား ပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ် ကျန်းမာရေး ဦးစီးမှူးက ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူသည်။ ထို့နောက် ကိုယ်ထူကိုယ်ထ(၂)ထပ် ကျောင်းဆောင်သစ်အား မွန်ပြည်နယ် ဝန်ကြီးချုပ် နှင့်အဖွဲ့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းဆောင်သစ်အား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ မိကသစ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၏ ဖွင့်လှစ်သော ကိုယ်ထူကိုယ်ထ (၂) ထပ် ကျောင်းဆောင်သစ်သည် အလျား(၁၅၀) ပေ၊ အနံ(၃၀)ပေ (၂)ထပ် RC အမျိုးအစားဖြစ်ပြီး အလှူရှင် အမှတ်(၁၀၂၁) နယ်ခြားစောင့်တပ်ရင်းမှူး ဦးစောဘလူးနှင့်ဇနီး၊ ကျေးရွာသူ၊ ကျောင်းသားများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ကျပ်သိန်း (၂၀၀၀) အကုန်ကျခံ ဆောက်လုပ် လှူဒါန်းခဲ့သော ကျောင်းဆောင်သစ်ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူ (၅၀၀) ဦးခန့် တက်ရောက် ပညာသင်ကြားနေကြောင်း သိရသည်။


 သတင်း - ချိုမြတ်မြတ်ထွေး (ကျိုက်မရော)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)