ကချင်ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြစ်ကြီးနားမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (အခြေခံ) သင်တန်းများနှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ အထောက်အကူပြု အခြေခံဝန်ဆောင်မှု သင်တန်းများ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြစ်ကြီးနားမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (အခြေခံ) သင်တန်းများနှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ အထောက်အကူပြု အခြေခံဝန်ဆောင်မှု သင်တန်းများ ဖွင့်လှစ်



MNP ၊   ဇွန် ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ကချင်ဇုန်)တို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (အခြေခံ)သင်တန်းများနှင့် မသန်စွမ်းသူများ အတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်းဆိုင်ရာ အထောက်အကူပြု အခြေခံဝန်ဆောင်မှု သင်တန်းများကို ယနေ့နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံ၌ ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာလအလွန် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရှိ ပေါများကြွယ်ဝသည့် သဘာဝအရင်းအမြစ်များကို အခြေခံ၍ ဒေသတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး ဦးစားပေး ကဏ္ဍအဖြစ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပြည်နယ်၏ ခရီးသွားလုပ်ငန်း တိုးတက်အောင်မြင်စေရေးအတွက် ဒေသတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍများတွင် ပါဝင်ပတ်သက်သူများ၊ ခရီးသွားဧည့်သည်များ၊ ယခုလို ဒေသခံပြည်သူ အလွှာစုံအထိ ဟိုတယ်လုပ်ငန်းကဏ္ဍ အသိပညာများ သိရှိစေရန်ဖြန့်ဝေခြင်း၊ စုပေါင်းဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ခြင်း၊ စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းအားဖြင့် ပြည်နယ်အတွက် သာမက နိုင်ငံတော်အတွက်ပါ ဘက်စုံအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး ဝန်ကြီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချနေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က Wun Tawp Garden Hotel တာဝန်ရှိသူအား Health and Safety Protocols (National) အဆင့် အသိအမှတ်ပြုလက်မှတ်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအသင်း (ကချင်ဇုန်)ဥက္ကဋ္ဌထံ ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံး (၄၀)တို့အတွက် Health and Safety Protocols (Regional) အဆင့် အသိအမှတ်ပြု လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူများအား နည်းပြဆရာများ၏ သင်တန်းဖွင့်လှစ်သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


ယနေ့ ဖွင့်လှစ်သော သင်တန်းများတွင် ပြည်နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုရိပ်သာများနှင့် ဒေသခံစိတ်ပါဝင်စားသူ သင်တန်းသား(၁၂၀)ကျော်တို့ တက်ရောက်ကြပြီး  ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု (အခြေခံ) သင်တန်းများဖြစ်သည့် ဧည့်ကြို၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှု သင်တန်းများကို စာတွေ့/လက်တွေ့ (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကာ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း (Barrier Free Tourism) ဖော်ဆောင်ခြင်းဆိုင်ရာ အထောက်အကူပြု အခြေခံဝန်ဆောင်မှု သင်တန်းကို (၂)ရက်ကြာဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်သည်။


အလားတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်တွင် ပြည်နယ်အတွင်း လေကြောင်းခရီးစဉ်ဖြင့် လာရောက်လည်ပတ်သူများအတွက် ခရီးစဉ်ဒေသဆိုင်ရာ သတင်းအချက်အလက်များ၊ ခရီးစဉ် ရောက်ရှိမှု စာရင်းဇယားများစသည့် ခရီးသွားဧည်သည်များအတွက် လိုအပ်သည့် သတင်းအချက် အလက်များ ဖြန့်ဝေဝန်ဆောင်မှုပေးနိုင်ရေးအတွက် သတင်းအချက်အလက် ပြန်ကြားရေးကောင်တာ (Information Counter)ကို ယနေ့နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ကချင်ပြည်နယ်ခရီးသွားလုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အတွင်း ၂၀၂၂ ခုနှစ် မေလအကုန်အထိ ဟိုတယ်ပေါင်း (၅၈)လုံး၊ အခန်းပေါင်း (၁၇၇၃)ခန်းအထိ ရှိလာခဲ့ပြီး ခရီးသွားကုမ္ပဏီပေါင်း (၄၃)ခုအထိ တိုးတက်လာကာ ပြည်တွင်းပြည်ပ ခရီးသွားလာမှုအနေဖြင့် ပြည်တွင်းခရီးသည် (၆)သောင်းနီးပါးနှင့် ပြည်ပခရီးသည်(နိုင်ငံခြားသား (၂) ထောင်ကျော် လာရောက်တည်းခို လည်ပတ်ခဲ့ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တွင်း ပူတာအို၊ ခေါင်လန်ဖူး၊ ပန်ဝါ၊ ဖီမော် ရေခဲတောင် ခရီးစဉ်များ၊ အင်းတော်ကြီးအိုင် အပါအဝင် အခြားခရီးသွားများ စိတ်ပါဝင်စားစွာ လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသအသစ်များ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)