MNP - ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသည့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) မှ တာဝန်ယူတည်ဆောက်နေသည့် မြေအောက်တမံသို့ ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် မြေအောက်ရေလှောင်တမံတည်ဆောက်နေသည့် ညောင်ဦးမြို့နယ်၊ တောင်ပုံဝကျေးရွာအနီး၊ ဘောလုံးကျွန်း ချောင်းမြေအောက်တမံအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ မြေအောက်တမံသည် ရေဆင်းဧရိယာ ၁၇ စတုရန်းမိုင် ရှိပြီး၊ ပျမ်းမျှမိုးရေချိန် ၂၅ လက်မအောက်သာ အမြဲရွာသွန်းသည့် မိုးခေါင်ရေနည်း ရပ်ဝန်းဖြစ်ကာ ဒေသခံပြည်သူများ မြေအောက်ရေထုတ်ယူသုံးစွဲရာတွင် အဆင်ပြေစွာ ရေတွင်းတူးဖော်ခပ်ယူ သုံးစွဲနိုင်စေရန် မြေအောက်တမံ တည်ဆောက်လျက်ရှိရာ မြေအောက်တမံ၏ အလျား ၄၁၀ ပေ၊ အနက် ၅၂ ပေ၊ မြေကြီးကျင်း ၅၄၈၂၈ ကျင်း၊ အကျိုးပြုကျေးရွာ ၃ ရွာ၊ အိမ်ထောင်စု ၃၆၁ စု၊ လူဦးရေ ၁၈၀၀ ဦးနှင့် ကျွဲနွားတိရစ္ဆာန် ၃၀၀ ကောင်အား အကျိုးပြုမည့် မြေအောက်တမံစီမံကိန်းအား ဖော်ဆောင်တည်ဆောက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြ၍သိရသည်။
ဆက်လက်၍ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် ရွှေလှိုင်းကျေးရွာအနီး တောင်ဇင်းချောင်းပေါ် တည်ဆောက်နေသည့် တောင်ဇင်းချောင်း မြေအောက်တမံအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ယူ တည်ဆောက်နေသည့် Three Princess ကုမ္ပဏီမှ ဦးဆန်းငြိမ်းဌေးက တောင်ဇင်းချောင်း မြေအောက်တမံသည် ဗူးကင်းတောင်တန်းနှင့် ပဲ့စင်တောင်ကြားမှ တောင်ဇင်ချောင်းကို ကန့်လန့်ဖြတ်တည်ဆောက်နေရာ ရေဆင်းဧရိယာ ၁၄ စတုရန်းမိုင်၊ မေအောက်တမံအလျား ၄၇၀ ပေ၊ မြေအောက်တမံအနက် ၄၅ ပေ၊ တမံအမျိုးအစား ကျောက်စီကွန်ကရစ်နံရံနှင့် ရေလုံမြေစေးတမံ အမျိုးအစားဖြစ်ကြောင်း၊ ရေလှောင်ပမာဏ ၆၂၀ ဧကပေ/ ဂါလံ ၁၆၈.၀၀ သန်း၊ အကျိုးပြုအိမ်ထောင်စု ၈၄၃ စုနှင့် လူဦးရေ ၃၀၀၀ ဦးခန့်၊ ကျွဲ၊ နွားတိရစ္ဆာန် ၆၅၀ ကောင် အကျိုးပြုနိုင်မည့် မြေအောက်တမံစီမံကိန်းဖြစ်ကြောင်းရှင်းပြသည်။ ပြီးနောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် အဖွဲ့ဝင်များသည် သတ်မှတ်ကာလအပြီး တည်ဆောက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် စေတနာထား တည်ဆောက်ရေး တို့အား မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment