အာဖဂန်ငလျင်ကြောင့် သေဆုံးသူ ၁,၀၀၀ကျော်အထိ ရှိလာ၊ တာလီဘန် ထိပ်သီးခေါင်းဆောင်က အကူအညီပေးရန် တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဖဂန်ငလျင်ကြောင့် သေဆုံးသူ ၁,၀၀၀ကျော်အထိ ရှိလာ၊ တာလီဘန် ထိပ်သီးခေါင်းဆောင်က အကူအညီပေးရန် တောင်းဆို







ပေကျင်း၊ ဇွန် ၂၅

ဇွန် ၂၂ ရက်တွင် အာဖဂန်၌ အင်အားပြင်ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၁,၁၀၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ  ၁,၆၅၀ ကျော် အထိရောက်ရှိပြီဖြစ်ကြောင်း ToloNews က သတင်းဖော်ပြထားသည်။ ၎င်းသည် နှစ် ၂၀ အတွင်း အာဖဂန်၌ သေဆုံးသူအများဆုံးဖြစ်ပွားခဲ့သည့် ငလျင်ဖြစ်ကြောင်း သိရသည်။

အာဖဂန် တာလီဘန်ထိပ်သီးခေါင်းဆောင်က နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အာဖဂန် ဘေးသင့်ဒုက္ခသည်များအတွက် အကူအညီပေးအပ်ရန် တောင်းဆိုခဲ့သည်။

ငလျင်ဗဟိုချက်ဖြစ်သည့် ပက်တီကာပြည်နယ် သတင်းပြန်ကြားရေးအရာ Amin Huzaifa က "လူတွေဟာ (သေဆုံးသူ အလောင်းမြှုပ်ဖို့) ကျင်းတွေ တူးနေကြတယ်"၊ ပက်တီကာပြည်နယ် တစ်ခုတည်းတွင်ပင် အနည်းဆုံး လူ ၁,၀၀၀ သေဆုံးပြီး ၁,၅၀၀ ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူ အများအပြားသည် စိုးရိမ်ရသော အခြေအနေတွင် ရှိနေပြီး အခြားလူအများအပြားမှာ အပျက်အစီးအတွင်း ပိတ်မိနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ငလျင်အတွင်း အိမ်ခြေပေါင်း ၂,၀၀၀ နီးပါး ပျက်စီးသွားခဲ့ပြီး အိမ်ခြေတစ်ခုတွင် ပျမ်းမျှ လူ ၇ ယောက်မှ ၈ ယောက်အထိ ရှိကြောင်း အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးမှူး Ramiz Arakbarov က ပြောကြားခဲ့သည်။

ပက်တီကာပြည်နယ်ရှိ ဆေးရုံတစ်ရုံတွင် အသက် ၂၂ နှစ်အရွယ် ဒဏ်ရာရရှိသူတစ်ဦးက "ငလျင်လှုပ်ခတ်ချိန် အခြေအနေက ကြောက်မက်ဖွယ်ကောင်းပါတယ်။ နေရာတိုင်းမှာ ငိုသံတွေပဲ။ ကျွန်တော်တို့အိမ်က ကလေးတွေလည်း အပျက်အစီးထဲမှာ ပိတ်မိခဲ့တယ်" ဟု ပြောသည်။

“ကျွန်တော်တို့ အိမ်မှာအိပ်နေချိန် အိမ်ခေါင်မိုးက ရုတ်တရက် ပြိုကျလာတယ်” ဟု အခြားဒဏ်ရာရရှိသူတစ်ဦးက ရိုက်တာသတင်းထောက်အား ပြောကြားခဲ့သည်။ ၎င်းနှင့် ၎င်း၏မိသားစုဝင်များ အားလုံးက ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းနှင့် ၎င်း၏ ဆွေမျိုးတချို့မှာ သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။ “ကျွန်တော်တို့ နေထိုင်တဲ့ ဒေသမှာရှိတဲ့ အိမ်တွေအကုန် ပြိုကျကုန်တယ်၊ ဒေသတစ်ခုလုံး ပျက်စီးသွားပါပြီ” ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့နိုင်ငံက ဆင်းရဲတယ်၊ အရင်းအမြစ်တွေ လိုအပ်ပါတယ်၊ အဲ့ဒါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ရပ်ဖြစ်တယ်” ဟု ဆေးရုံအုပ်ကြီးက ရိုက်တာသတင်းထောက်အား ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံနှင့်နီးစပ်သည့် ဝေလံခေါင်းဖျားသော တောင်ပေါ်ဒေသများတွင် ဒေသခံများက အပျက်အစီးအတွင်း သေဆုံးသူ အလောင်းတွေ့ရှိနိုင်ရေးအတွက် မည်သည့်ကိရိယာမျှမပါဘဲ လက်ဗလာဖြင့် တူးဖော်နေကြကြောင်း အာဖဂန် Bakhtar News Agency ထုတ်ပြန်သည့် ဗီဒီယိုမှ တွေ့ရသည်။ ထိုတောင်ပေါ်ဒေသရှိရွာများ၏ ဘေးသင့်မှု အခြေအနေကို ချက်ချင်းသိရှိရန် ခက်ခဲကြောင်းနှင့် သေဆုံးသူအရေအတွက်မှာ ထပ်မံမြင့်တက်နိုင်ကြောင်း အာဖဂန်အရာရှိက ဆိုသည်။ 

အချို့သောဒေသများတွင် ငလျင်မလှုပ်ခတ်မီ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုဖြစ်ပွားခဲ့သည့်အပြင် ငလျင်ကြောင့် မြေပြိုမှုထပ်မံ ဖြစ်ပေါ်သောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းအတွက် အဟန့်အတားဖြစ်နေကြောင်း သိရသည်။ ဝေးလံခေါင်ဖျားသော တောင်ပေါ်ဒေသရှိ ကျေးရွာသို့ရောက်သော လမ်းကြောင်းများမှာ ယခင်ကတည်းက သွားလာရခက်ခဲပြီး ငလျင်လှုပ်ခတ်ပြီးနောက် သွားလာ၍လုံးဝမရသော အခြေအနေဖြစ်နိုင်သဖြင့် အာဖဂန်အစိုးရမှ ကယ်ဆယ်ရေးအတွက် အကြီးစားစက်ယန္တရားများ အသုံးပြုနိုင်သော်လည်း ဘေးသင့်ဒေသသို့ ဝင်ရောက်နိုင်ရန်မှာ မသေချာသေးကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။ 

ငလျင်လှုပ်ခတ်ပြီးနောက် တာလီဘန်ထိပ်သီးခေါင်းဆောင် Moulavi Haibatullah Akhunzada က ဤဖြစ်ရပ်ဆိုးကို ခံစားနေရသည့် အာဖဂန်ပြည်သူများအပေါ် နိုင်ငံတကာအဖွဲ့အစည်းမှ အကူအညီပေးရန်  တောင်းဆိုခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။ 

အာဖဂန်နစ္စတန် ယာယီအစိုးရအဖွဲ့ ယာယီဝန်ကြီးချုပ် Mohammed Hassan Akhund က သက်ဆိုင်ရာဌာနများအနေဖြင့် ငလျင်ဘေးသင့်ရာသို့ ချက်ချင်းသွားရောက်ကာ ကယ်ဆယ်ရေးပစ္စည်းများကို တတ်နိုင်သမျှ အသုံးချပြီး ဘေးသင့်သူများအား ကူညီရန် အရေးပေါ်အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းကို အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်တွင် တာလီဘန် အာဏာရလာပြီးနောက် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများက အာဖဂန်မှ ထွက်ခွာခဲ့သည်။ အမေရိကန် စသော နိုင်ငံများက နိုင်ငံတကာ အကူအညီရန်ပုံငွေများ အာဖဂန်သို့ ဝင်ရောက်ခြင်းကို ဟန့်တားရန် အာဖဂန် ဘဏ်များကို ဒဏ်ခတ်အရေးယူခဲ့သည်။ လက်ရှိတွင် အာဖဂန်နိုင်ငံ၌ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် အသုံးပြုနိုင်သည့် လေယာဉ်နှင့် ရဟတ်ယာဉ် အရေအတွက်မှာလည်း  အကန့်အသတ်ရှိကြောင်း သိရသည်။ 

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က အမေရိကန်သည် လာမည့်ရက်များတွင် တာလီဘန်နှင့် ထပ်မံဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်းနှင့် အစည်းအဝေးတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စကို ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း၊ သို့သော် တာလီဘန်က လက်ရှိအချိန်အထိ ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ အမေရိကန်ထံတောင်းဆိုခဲ့ခြင်း မရှိသေးကြောင်း ၎င်းကပြောကြားခဲ့သည်။  

ဥရောပသမဂ္ဂသည် ငလျင်ဒဏ်သင့်ပြည်သူများနှင့် ဒေသအတွက် အရေးပေါ် အကူအညီပေးအပ်ရန် စီစဉ်လျက်ရှိကြောင်း တွစ်တာတွင် ပြောကြားခဲ့သည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ပါကစ္စတန်ကလည်း အာဖဂန်သို့ အစားအသောက်၊ ယာယီနေထိုင်ရာတဲများနှင့် စောင်စသည့် လိုအပ်ပစ္စည်းများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အထူးသံတမန် Thomas Niclason က ပြောကြားခဲ့သည်။ 

အာဖဂန်နစ္စတန်ရှိ လူဦးရေ ၃၈ သန်းအနက် ၆၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံတကာ အကူအညီဖြင့် အသက်ရှင်နေထိုင်နေရကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။ ငလျင်ဒဏ်က အာဖဂန် ရင်ဆိုင်နေရသည့် စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေမည်ဖြစ်ပြီး အကူအညီလိုအပ်မှု ပိုမိုများလာမည်ဖြစ်ကြောင်း  ကုလသမဂ္ဂ တာဝန်ရှိသူများက ခန့်မှန်းထားသည်။

တရုတ်နိုင်ငံ ငလျင်ကွန်ရက်များစင်တာ (CENC) ၏ တိုင်းတာချက်အရ ယခုအကြိမ်လှုပ်ခတ်ခဲ့သော ငလျင်သည် ပြင်းအား ၆.၂ အဆင့်ရှိပြီး မြေအောက်အနက် ၃၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြစ်ဖြစ်ကြောင်း သိရသည်။ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) ၏ တိုင်းတာချက်အရ ယခုအကြိမ် ငလျင်ပြင်းအားသည် ၅.၉ အဆင့်ရှိပြီး ငလျင်ဗဟိုချက်သည် အာဖဂန်နစ္စတန်အရှေ့ပိုင်းမြို့ ခို့စ်မြို့၏ အနောက်တောင်ဘက် ၄၀ ကီလိုမီတာကျော်တွင် ရှိကြောင်းနှင့် မြေအောက်အနက် ၁၀ ကီလိုမီတာခန့် ရှိကြောင်းသိရသည်။ ဥရောပ မြေထဲပင်လယ် ငလျင်စင်တာ (EMSC) တိုင်းတာချက်အရမူ ငလျင်ပြင်းအားမှာ ၆.၁ အဆင့်ရှိကြောင်း သိရသည်။

Eurasian plate နှင့် Indian plate စပ်ကြားဒေသ၌ တည်ရှိသောကြောင့် အာဖဂန်နှင့် ပါကစ္စတန်နယ်စပ်ဒေသတွင် မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိသည်။ ၂၀၁၅ ခုနှစ်တွင် အာဖဂန်  အရှေ့မြောက်ပိုင်းနှင့် ပါကစ္စတန် နယ်စပ်ဒေသရှိ Hindu Kush တွင် ပြင်းအား ၇.၅ အဆင့် မြေအောက်အနက် ၂၁၀ ကီလိုမီတာရှိသည့် ငလျင်လှုပ်ခတ်ခဲ့ရာ နှစ်နိုင်ငံရှိ ပြည်သူ ၃၈၀ ကျော် သေဆုံးခဲ့သည်။ ၂၀၀၂ ခုနှစ် မတ် ၂၅ ရက်တွင် အာဖဂန်အရှေ့မြောက်ပိုင်း၌ ပြင်းအား ၆.၁ အဆင့် ရှိသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားရာ လူပေါင်း ၁,၈၀၀ နီးပါးသေဆုံးခဲ့ပြီး ၂,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ၁၉၉၈ ခုနှစ် မတ်လတွင် အာဖဂန် အရှေ့ မြောက်ပိုင်း၌ ၆.၁ အဆင့်ရှိ  ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူပေါင်း ၄,၅၀၀ သေဆုံးခဲ့ကြောင်း သိရသည်။ 

ဇွန် ၂၂  ရက် ငလျင်မလှုပ်ခတ်မီ မြို့တော် ကဘူးလ်၊ Panjshir ပြည်နယ်၊ ခို့စ်ပြည်နယ်၊ Nangarhar ပြည်နယ် စသည့်ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၄၀၀ သေဆုံးခဲ့ကြောင်းနှင့် ရေကြီးမှုကြောင့် ငလျင်ကယ်ဆယ်ရေးလုပ်ငန်းအတွက် အခက်အခဲများစွာ ဖြစ်ပေါ်စေခဲ့ကြောင်း အာဖဂန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကား၍  ToloNews သတင်းဌာနက ဖော်ပြထားသည်။


Ref: (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)