MNP ၊ ဇွန် ၂၉
သံတွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ပွဲနှင့် ဇွန်လအတွင်း အရင်းအတိုး ပြန်လည်ပေးဆပ်ရန် အချိန်စေ့ရောက်သည့် ကျေးရွာ များသို့ လည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ် ချေးခြင်း အခမ်းအနားကို ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း လွှဲပြောင်းပေးအပ်ပွဲနှင့် အရင်းပြန်လည်ပေးဆပ်ခြင်း၊ ပြန်လည်ထုတ်ပေးခြင်း အခမ်းအနားတွင် သံတွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဌေးနှင့် မြို့နယ်မြစိမ်းရောင်စီမံကိန်းအကောင်အထည် ဖော်ရေး လုပ်ငန်းအဖွဲ့ဝင်များက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။ ထို့နောက် မြစိမ်းရောင်စီမံကိန်း စတင်ဆောင်ရွက်မည့် ရွှေကျောင်းပြင်ကျေးရွာနှင့် ဒါဝကျေးရွာတို့မှ ကျေးရွာမြစိမ်းရောင်ကော်မတီ များသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပြီး ဇွန်လတွင် အရင်းပြန်လည်ပေးဆပ်သည့် သိမ်တောင်ကျေးရွာ၊ သစ်ငုတ္တို၊ မြုံချောင်၊ ကျောက်တန်း+တောင်ပေါက်၊ ငပန်၊ ကျောင်းကုန်း၊ ဇီးကျွန်းနှင့် ဆင်ဒင်ကလေး ကျေးရွာတို့မှ ပြည်သူများအား လုပ်ငန်းအမျိုးအစားအလိုက် ချေးငွေများထုတ်ချေးပေးကြသည်။
အဆိုပါကျေးရွာ (၈)ရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၂၂၀)ဦးအား ငွေကျပ် (၄၂၇) သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၅၁၂)ဦးအား ငွေကျပ် (၂၀၂၇)သိန်း၊ ရောင်းဝယ်ရေး လုပ်ကိုင် သူ(၁၅၇)ဦးအား ငွေကျပ် (၉၄၅သိန်း၊ ၅ သောင်း)၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၁၂)ဦးအား ငွေကျပ်(၄၅) သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ (၆)ဦးအား ငွေကျပ် (၃၅သိန်း၊ ၅သောင်း)၊ စုစုပေါင်းလူ ဦ:ရေ(၉၂၈)ဦးအား ငွေကျပ် (၃၅၈၉)သိန်းအား ပြန်လည် ထုတ်ချေးပေး ခဲ့ကြောင်းသိရသည်။
သတင်း - တင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment