MNP ၊ ဇွန် ၂၅
မွန်ပြည်နယ်၊ သထုံခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ခေတ္တခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ခေတ္တခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ထွန်းက အမှာစကားပြောကြားပြီး သထုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက သထုံခရိုင်အတွင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ သထုံခရိုင်အတွင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများ မှတ်ပုံတင်ခြင်းနှင့်၊ ထောက်ပံ့ပေးမှုများ၊ ကလေးသူငယ်ဖြစ်ရပ်စီမံခန့်ခွဲမှုများနှင့် ပတ်သတ်၍ ဆောင်ရွက်ချက်များ စသည်တို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ကော်မတီဝင်တို့က ကဏ္ဍအလိုက်ဆောင်ရွက်နေမှု အခြေအနေများ၊ လိုအပ်ချက်များ၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် ကလေးသူငယ်များ၏ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မရှိစေရေး၊ ပြည်သူများအနေဖြင့် အကြမ်းဖက်ခံရသည့် ကလေးသူငယ်များတွေ့ရှိပါက နီးစပ်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများနှင့် မြို့နယ်အလိုက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများထံသို့ သတင်းပေးပို့နိုင်ရေး၊ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ လေလွင့်ကလေးသူငယ် စာရင်းများအား ကောက်ယူတင်ပြသွားရေး စသည်တို့ကို တစ်ဦးချင်းရှင်းလင်းဆွေးနွေးတင်ပြကြရာ ခေတ္တခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ဖြည့်စွက် အကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်း - နဒီ
https://t.me/MyanmarNationalPost
No comments:
Post a Comment