MNP ၊ ဇွန် ၂၆
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံအတွင်း တစ်နှစ်တာကာလ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ လေယာဉ်ကွင်းဟောင်း၌ ၀၈၀၀ အချိန် ပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို နှင့်အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေး ၊ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း နှင့် တိုင်းဒေသကြီးအဆင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မန္တလေးမြို့အခြေစိုက် ကောင်စစ်ဝန်ရုံးများမှ ကိုယ်စား လှယ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်းအင်အား ၆၀၀ ဦး ခန့် တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၊ အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၆၁၁.၅၇ ကီလိုကျော်၊ ဘိန်းဖြူ ၈၁၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၇ သန်းကျော်၊ အိုက်စ် ၇၃၅၆ ကီလိုကျော်၊ ကက်တမင်း ၃၁၆ ကီလိုကျော်၊ ဆေးခြောက် ၁၁၆ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၁၆ မျိုးနှင့် ဓာတုပစ္စည်း ၉ မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေ ကျပ် ၃၁၆.၇၇ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇၁.၂၃ သန်းကျော်) အား ဖျက်ဆီးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ဒဂုံဧရာကုန်တင်ယာဉ်ရပ်နားကွင်း၌ ၀၈၀၀ အချိန် ပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် နှင့် တိုင်းဒေသကြီးအဆင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်းအင်အား ၄၄၅ ဦးခန့် တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်နှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ ဖမ်း ဆီးရမိသော ဘိန်း ၁.၅၀ ကီလို၊ ဘိန်းဖြူ ၁၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သန်းကျော်၊ အိုက်စ် ၇၅၉၉ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၂၀၅ ကီလိုကျော်၊ ကက်တမင်း ၁၃၄၅ ကီလိုကျော်၊ ဆေးခြောက် ၄၆၃ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၇ မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေ ကျပ် ၃၅၆.၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၉၂.၈၀ သန်းကျော်)အား ဖျက်ဆီးခဲ့သည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ ၀၈၀၀ အချိန်တွင် ပြုလုပ်သည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးပွဲအခမ်းအနားနှင့် တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာအုပ်စု၊ ပင်စုံကျေးရွာ၊ ဗြုံးကျောက်တောင်အနီး၌ ဖမ်းဆီးရမိ ထိန်းချုပ်ဓာတုပစ္စည်းများကို မြေမြှုပ်ဖျက်ဆီးပွဲတို့တွင် ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် အဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အတွင်း ရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး/ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး နှင့် ပြည်နယ်အဆင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ စုစုပေါင်းအင်အား ၅၅၀ ဦး ခန့် တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၂၀၄၁.၈၀ ကီလိုကျော်၊ ဘိန်းဖြူ ၉၆၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၉ သန်းကျော်၊ အိုက်စ် ၈၆၉၇ ကီလိုကျော်၊ ကက်တမင်း ၃၆၂ ကီလိုကျော်၊ ဆေးခြောက် ၁၃၀ ကီလိုကျော်၊ ကဖင်း ၁၂ တန်ကျော် အပါအဝင် မူးယစ်ဆေးဝါး ၁၈ မျိုးနှင့် ဓာတုပစ္စည်း ၄၀ မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေ ကျပ် ၅၁၅.၃၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၇၈.၅၇ သန်းကျော်) အား ဖျက်ဆီးခဲ့သည်။
ယခု ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကိုမန္တလေး၊ ရန်ကုန်၊ တောင်ကြီး ၃ နေရာတွင် ကျင်းပပြုလုပ်ခဲ့ပြီး စုစုပေါင်းအင်အား ၁၅၉၅ ဦး ခန့် တက်ရောက်ခဲ့ကာ ဘိန်း ၂၆၅၄.၈၉ ကီလိုကျော်၊ ဘိန်းဖြူ ၁၉၄၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂ သန်းကျော်၊ အိုက်စ် ၂၃၆၅၃ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၂၀၅ ကီလိုကျော်၊ ဆေးခြောက် ၇၀၉ ကီလိုကျော်၊ ကက်တမင်း ၂၀၂၄ ကီလိုကျော်နှင့် ကဖင်း ၁၂ တန်ကျော် အပါ အဝင် မူးယစ်ဆေးဝါး နှင့် ဓာတုပစ္စည်း ၇၉ မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေ ကျပ် ၁၁၈၈.၈၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၄၂.၆၀ သန်းကျော်) တို့အား ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြား ဖမ်းဆီးရမိဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment