MNP - ဇွန် ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသနေ ပြည်သူများအနေဖြင့် မွေးမြူရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်ဆောင်ရွက်နိုင်ရန်နှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့က ကမော့ကချူးကျေးရွာ ဦးအာကာကျော်၏ ခြံကွက်အတွင်း၌ သရုပ်ပြ စိုက်ပျိုးခဲ့သည်။
သရုပ်ပြစိုက်ပျိုးပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးအောင်က တိရစ္ဆာန်အစာပင် နေဗီယာမြက်ကို စိုက်ပျိုးခြင်းဖြင့် မိမိဒေသအတွင်း ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းများကို လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ်အဖြစ် မွေးမြူနိုင်ရန်၊ အထွက်နှုန်းကောင်းသော တိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်ရန်၊ အာဟာရကြွယ်ဝသော အစားအစာအဖြစ် ကျွေးမွေးနိုင်ရန်အတွက် နေဗီယာမြက်ကို ပိုမိုစိုက်ပျိုးထားရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများက ဦးဆောင်၍ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသူများက နေဗီယာမြက်ကို ဦးအာကာကျော်၏ ခြံကွက်အတွင်း၌ သရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း နေဗီယာမြက်ကို (၁)ဧကကျော် ကွင်းဆင်းသရုပ်ပြစိုက်ပျိုးပေးသွားမည်ဖြစ်ပြီး နေဗီယာမြက်ကို ပိုမိုစိုက်ပျိုးနိုင်ရန်အတွက် ကျေးရွာများ ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ သိရသည်။
သတင်း - စောဒိ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment