ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံစက်ချုပ်သင်တန်း တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံစက်ချုပ်သင်တန်း တက်ရောက်ဖွင့်လှစ်





MNP ၊ ဇွန် ၂၁

ကချင်ပြည်နယ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများ တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ လုပ်ကိုင်နိုင်ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလာစေရန်နှင့် ကိုယ်ပိုင်တိုင်းရင်းသား လုပ်ငန်းရှင်များ ပေါ်ထွက်လာနိုင်ရေးအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ရက်ကန်းသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။


ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့် တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်တို့ပါဝင်သော လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရရှိရန် ဦးတည်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယနေ့ တိုင်းရင်းသူများအနေဖြင့် သင်ကြားပေးသည့် စက်ချုပ်ဆိုင်ရာဘာသာရပ်များ တန်ဖိုးထားပြီး ကြိုးစားသင်ယူကြရန်နှင့် သင်တန်းပြီးမြောက်သည်နှင့် အကျိုးကျေးဇူးကောင်းများစွာ ရရှိမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်က ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအောက်ရှိ သင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဌာန၏လုပ်ငန်းများ၊ ယနေ့ဖွင့်လှစ်သင်ကြားမည့် သင်တန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး အခြေခံ စက်ချုပ်သင်တန်း တက်ရောက်ကြမည့် ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများဖြစ်သည့် သင်တန်းသူ (၂၀)ဦးတို့က တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းကျောင်းအတွင်း ရက်ကန်းသင်တန်း (၆)လတက်ရောက်ပြီး စာမေးပွဲဖြေဆိုနေသည့် သင်တန်းသူများ၊ သဘာဝဆိုးဆေးသင်တန်း တက်ရောက်လျက်ရှိသော သင်တန်းသူများနှင့် (၁)လကြာ အခြေခံစက်ချုပ်သင်တန်း တက်ရောက်သင်ကြားနေသည့် သင်တန်းသူများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။


အဆိုပါ မြစ်ကြီးနား ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းအနေဖြင့် ဒေသခံ တိုင်းရင်းသူများအတွက် ဘဏ္ဍာနှစ်အလိုက် သက်မွေးပညာများ သင်ကြားပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လက်ရက်ကန်းနှင့် ဖဲနှတ်ကောက်သင်တန်း (၃)ကြိမ်၊ အခြေခံစက်ချုပ်သင်တန်း (၄)ကြိမ်၊ သဘာဝဆိုးဆေးသင်တန်း (၃)ကြိမ်နှင့် လက်ရက်ကန်း (၆)လသင်တန်း (၂)ကြိမ်၊ အထည် အလိပ်ကျွမ်းကျင် (၁)နှစ်သင်တန်း (၁)ကြိမ်ဖြင့် စုစုပေါင်း သင်တန်း (၁၂)ကြိမ်တွင် သင်တန်းသူဦးရေ ၂၆၀ ဦးအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)