အကြမ်းဖက်ဘေးအန္တရာယ်မကင်းသည့် ဒေသများတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများ လုံခြုံရေးအတွက် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ကြရန် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်ဘေးအန္တရာယ်မကင်းသည့် ဒေသများတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများ လုံခြုံရေးအတွက် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ကြရန် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား


MNP ၊ ဇွန် ၁

ယနေ့ ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၅ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် အကြမ်းဖက်ဘေးအန္တရာယ်များ ရှိနေသည့် ဒေသများတွင် ကျောင်းများဖွင့်လှစ်နိုင်ရန် စီစဉ်နေသည့် အခြေအနေနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ် ၏ မေးမြန်းမှုအပေါ် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ ယခင်နှစ်က လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းများကလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း အလားတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ လုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်လိုသည့် ပြည်သူများကို လုံခြုံရေးအဖွဲ့များကလည်း လက်ခံပေးသွားမှာ ဖြစ်ကြောင်း ဖြေကြားသွားသည်။

သတင်းစာရှင်းလင်းပွဲတွင် မြန်မာနေရှင်နယ်ပို့စ် က "ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေတာကတော့ ပြည်သူတွေရဲ့ လိုအပ်ချက်ဆိုတာ ပြောစရာမရှိပါဘူး။ ဒါပေမယ့် အကြမ်းဖက်ဘေးအန္တရာယ်မကင်းတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလို ချင်းပြည်နယ်လို နေရာမျိုးတွေမှာ ကျောင်းတွေကို မဖြစ်မနေဖွင့်ခိုင်းမှာလား။ အကြမ်းဖက်ဘေးအန္တရာယ်အခြေအနေအရ ဆောင်ရွက်မှာလား။ ကျောင်းသား/ကျောင်းသူတွေနဲ့ ဆရာ/ဆရာမတွေရဲ့ အန္တရာယ်ကင်းရှင်းရေးအတွက်ကိုပေါ့" ဟု မေးမြန်းရာ ဒုဝန်ကြီးက "ကျွန်တော်တို့အနေနဲ့ကတော့ တစ်နိုင်ငံလုံးမှာ ကျောင်းတွေကို ဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ သို့သော် လုံခြုံရေးအခြေအနေအရ မဖွင့်လှစ်နိုင်တဲ့ကျောင်းတွေလည်း ရှိပါတယ်။ တချို့ကျောင်းတွေမှာ ဆရာ၊ဆရာမတွေကလည်း ဖွင့်ချင်တယ်။ ကျောင်းသားကျောင်းသူတွေကလည်း တက်ရောက်လိုတယ်။ ခုအချိန်မှာတော့ ကျောင်းတွေကို ပစ်မှတ်ထားပြီး နှောက်ယှက်ဖျက်ဆီးနေတာ တွေ့ရပါတယ်။ ယခင်နှစ်တုန်းကလည်း ကျွန်တော်တို့ ကြုံတွေ့ရပြီးသားဖြစ်ပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ မှတ်မိမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ နေရာမှာ ကျောင်းဆရာ/ဆရာမတွေရယ်၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေရယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်၊ ပြီးရင်တော့ ရပ်မိရပ်ဖအဖွဲ့အစည်းတွေပေါ့။ ဒါ့အပြင် စစ်မှုထမ်းဟောင်းတွေ ယခင်နှစ်တုန်းကတော့ စစ်မှုထမ်းဟောင်းတွေကပါ ဗော်လန်တီယာအနေနဲ့ ဝင်ပြီး လုပ်ပေးတာ ရှိပါတယ်။ ဒီနှစ်မှာလည်း ကျွန်တော်တို့ လိုအပ်တဲ့နေရာတွေကို အန္တရာယ်ကင်းကင်းနဲ့ ဖွင့်လှစ်နိုင်ဖို့ ပြည်သူလူထုပါဝင်တဲ့စနစ်၊ စစ်မှုထမ်းဟောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော် အားလုံး ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။" ဟု ဖြေကြားသွားသည်။

ဆက်လက်၍ ပြန်ကြားရေးဒုဝန်ကြီးက "ကျွန်တော်တို့ ထပ်ပြီး မေတ္တာရပ်ခံလိုတာကတော့ ပြည်သူလူထုတစ်ရပ်လုံးအနေဲ့ကလည်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ပညာရေးကဏ္ဍမှာ ဘာတွေဖြစ်ခဲ့တယ်၊ ဘယ်လောက် အထိ နိမ့်ကျနေပြီဆိုတာ အချက်အလက်တွေ အထောက်အထားတွေနဲ့လည်း ကျွန်တော်တို့ ပြောပြီးဖြစ်တယ်။ လက်တွေ့ကျကျပဲ ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ကိုင်တာပဲဖြစ်ဖြစ်၊ ပညာဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်တာပဲဖြစ်ဖြစ် ဘယ်လုပ်ငန်းပဲ လုပ်ကိုင် လုပ်ကိုင် ပညာသင်ကြားခဲ့မှုနဲ့ မသင်ကြားခဲ့မှုကတော့ အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုတွေမှာ ကွာခြားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ကျောင်းသား/ကျောင်းသူတွေကို နှောက်ယှက်နေတာ၊ စာသင်ကျောင်းတွေ ဆရာ/ဆရာမတွေကို နှောက်ယှက်နေတာသည် ကျွန်တော်တို့ အစိုးရကို နှောက်ယှက်နေတာထက် နိုင်ငံရဲ့ အနာဂတ်ကို နှောက်ယှက်နေတာ ဖြစ်ပါတယ်။ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာလည်း ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင် ဆောင်ရွက်စေချင်ပါတယ်။ မီဒီယာများအနေနဲ့ကလည်း တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီဆောင်ရွက်စေချင်ပါတယ်။ ကျွန်တော်တို့ အစိုးရအကျိုးအတွက် ခင်ဗျားတို့ကို လုပ်ခိုင်းနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူလူထုအကျိုး၊ နိုင်ငံတော်ရဲ့ အကျိုး အတွက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကို အားလုံး ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြပါစို့ လို့ပဲ ထပ်ပြီးတော့ တိုက်တွန်းလိုပါတယ်။" ဟု ပြောကြားသွားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)