MNP - ဇွန် ၃၀
၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူ၊ နည်းပြများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်မှ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အထူး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစား သမားများကိုလည်း စစ်ကိုင်းတိုင်းဒေသကြီးမှ မွေးထုတ်ပေးလျက်ရှိပြီး၊ အားကစားသမားများ အနေဖြင့်လည်း စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ပိုက်ကျော်ခြင်းအောင်မြင်မှု အစဉ်အလာကို ဆက်လက် ထိန်းသိမ်းပြီး ယခု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို အောင်မြင်မှုရရှိအောင် ကြိုးစားခဲ့ကြရန် မှာကြားလိုပါကြောင်း၊ ပြိုင်ပွဲဝင် မောင်တို့၊ မယ်တို့အနေနဲ့လည်း မိမိအသင်း အောင်မြင်ဖို့အတွက် ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်း ဉပဒေဘောင်အတွင်းမှ ဇွဲစိတ်ဓာတ်ကို အခြေခံကာ အားကစားစိတ်ဓာတ် ပြည့်ဝစွာဖြင့် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကြရန်နှင့် နိုင်ငံတော်က အားထားရတဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် မြင့်မားတဲ့ ရည်မှန်းချက်ထားပြီး ယှဉ်ပြိုင်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်း အဖွဲ့ခေါင်းဆောင် စစ်ကိုင်းခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကိုကိုက ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအား ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က တိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်း အဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများထံ ဂုဏ်ပြုထောက်ပံ့ငွေကျပ် - ၅ သိန်းနှင့် အောင်နိုင်ရေးအလံတို့အား ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment