MNP - ဇွန် ၂၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပခုက္ကူမြို့သို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပထမဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်သည် ယမန်နေ့မွန်းလွဲ၁နာရီ အချိန်က တာဝန်ရှိသူများနှင့်အတူပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက် ဝယ်ယူမည့်ဆေးနှင့်ဆေးပစ္စည်းများ အိတ်ဖွင့်တင်ဒါဖွင့်ပွဲသို့တက်ရောက်ပြီး ဆေးဝါးအမျိုးအစားများအလိုက်အရည်အသွေးပြည့်မီသည့်ဆေးနှင့်ဆေးပစ္စည်းများဖြစ်ရေး၊ ဆေးရုံကြီးအတွင်း တက်ရောက်ကုသမှုခံယူနေသည့် လူနာများအတွက်အမှန်တကယ် အကျိုး ပြုထိရောက်မည့်ဆေးဝါးများဖြစ်ရေးတို့အတွက် စနစ်တကျစိစစ်ကြရန်လမ်းညွှန်မှာကြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဝယ်ယူမည့်ဆေးနှင့်ဆေးပစ္စည်းအုပ်စုများအလိုက် ခင်းကျင်းပြသထားမှုကို လိုက်လံကြည့်ရှု စစ်ဆေခြင်း၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် အထူးကုဆရာဝန်ကြီး၊ ဆရာဝန်မကြီးများက ဝယ်ယူမည့်ဆေးနှင့် ဆေးပစ္စည်းအမျိုးအစားများအလိုက် အတည်ပြုရွေးချယ်မှုနေတို့အား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်အဖွဲ့သည် မွန်းလွဲ၁နာရီခွဲအချိန်က ပခုက္ကူမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသို့ရောက်ရှိပြီး ဆရာမများ၊ သင်တန်းသူများနှင့် သွားရောက်တွေ့ဆုံရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်အေးက ကျောင်းသမိုင်းနှင့် ကျောင်းဧရိယာအကျယ်အဝန်း၊ ကျောင်းဖွင့်လှစ် တက်ရောက်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်အဖွဲ့သည် မွန်းလွဲ ၂ နာရီအချိန်က လူဝင်မှုကြီးကြပ်နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ရုံးသို့ရောက်ပြီး ခရိုင်နှင့် မြို့နယ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဌာနရုံးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်၊ လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်း များပြုစုရေးသွင်းရာတွင် အချက်အလက်များ တိကျမှန်ကန်မှုရှိစေရေး၊ အချိန်မီပြီးစီးရေးနှင့် မဲစာရင်းသာမက လူဦးရေစာရင်းပြုစုရာတွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)ကို အခြေခံစာရင်းအဖြစ်အသုံးပြုခြင်းမဟုတ်ဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသည့် နိုင်-၄ မှတ်ပုံတင်စာရင်းများကိုအခြေခံကာ အပြန်အလှန်စစ်ဆေးနိုင်သည့် နည်းပညာကို အသုံးပြု၍ Excel Format အရင်ရေးသွင်းပြီး e-ID Software စနစ်ကိုရေးသွင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်-၄မှတ်တမ်းစာရင်းများကို အခြေခံ၍ Software ရေးသွင်းခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်း - ဘာမီသာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment