MNP - ဇွန် ၁၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့စိုက်ပျိုးရေးဦးစီးဌာနနှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ကော့နွဲကျေးရွာ အကျိုးဆောင်တောင်သူဦးဖုန်းမြင့်၏ လယ်မြေ၌တောင်သူများအား မျိုးစပါးဆားရည်စိမ်ခြင်းနည်းပညာနှင့် ဘောင်ပျိုးစနစ်ဖြင့်ပျိုးထောင်ခြင်း အသိပညာပေးဆွေးနွေးခြင်းနှင့် ကွင်းလက်တွေ့ပြသခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကော့ကရိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူး ဒေါ်နော်သူးလေထီးက ဓါတ်မြေသြဇာဈေးနှုန်း မြှင့်တက်နေမှုတို့ကြောင့် သဘာဝမြေသြဇာပြုလုပ်သုံးစွဲကြရေး၊ ကော့ကရိတ်ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းကိုက မြေသြဇာများအား စပါးပင်သက်တမ်းအလိုက် စနစ်တကျ သုံးစွဲတက်ရေး နည်းပညာပေးဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးချစ်ခိုင်က ဘောင်ပျိုးစနစ်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ ပြည်နယ်စိုက်ပျိုးရေးမှ တာဝန်ရှိသူများက စိုက်ပျိုးရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ အသီးသီးဆွေးနွေး ပြောကြားကြ သည်။
ထိုနောက် စိုက်ပျိုးရေးဝန်ထမ်းများသည် မျိုးစပါးဆားရည်စိမ်ခြင်းနှင့်ဘောင်စနစ်ဖြင့်ပျိုးထောင်ခြင်းတို့အား လက်တွေ့ပြသဆောင်ရွက်ခဲ့သည်။ အဆိုပါတောင်သူပညာပေးနှင့် ကွင်းလက်တွေ့ပြသပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်/မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာနတို့မှ တာဝန်ရှိဝန်ထမ်းများနှင့် အကျိုးဆောင်တောင်သူ(၃၀)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
သတင်း - ခင်မျိုးဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment