ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ မိုးစပါးသီးနှံဧက ခြောက်သောင်းကျော်အတွက် စိုက်ပျိုးရေ စတင်ဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ မိုးစပါးသီးနှံဧက ခြောက်သောင်းကျော်အတွက် စိုက်ပျိုးရေ စတင်ဖြန့်ဝေပေး






MNP - ဇွန်   ၁၅


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ယခု ၂၀၂၂ -၂၀၂၃ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက စတင်ပြီး မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။   


ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို  ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက်  တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများ အရောက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ လုံလောက်စွာ ရယူသုံးစွဲနိုင်ရေး စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။ ယနေ့နံနက်ပိုင်းက မဲဇလီရေလွှဲဆည်မှ ဆည်ရေများ စတင်ဖြန့်ဝေပေးသဖြင့် အညာကျေးလက်ဒေသများရှိ ဒေသခံတောင်သူများက မိုးစပါးသီးနှံစိုက်ပျိုးရန် အတွက် မိမိတို့၏ လယ်ယာမြေများကို ထည်ရေညက်အောင် ထွန်ယက်ခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်းနှင့် စပါးပျိုးထောင်ခြင်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ကိုင်နေကြကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ဒေသတွင်း ဆန်စပါး စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးစပါးသီးနှံ ၆၉၀၉၄ ဧက၊ ဆီထွက်သီးနှံ ၉၆၆၅ ဧက၊ ပဲမျိုးစုံ သီးနှံ ၅၉၉၁ ဧက၊ ချည်မျှင်ရှည်ဝါ ၂၄၄၉ ဧက၊ စားဖိုဆောင်သီးနှံ ၄၄၃၄ ဧက၊ အခြားပရဆေးပင်နှင့် ကျွဲနွားအစာ  ၅၃၉၂ ဧက၊ စုစုပေါင်း မိုးသီးနှံဧက ၉၇၀၂၅ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၏ မိုးသီးနှံစာရင်းအရ သိရသည်။   


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလှောင်တမံနှင့် ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ ရေလှောင်တမံမှ တစ်ဆင့် မဲဇလီရေလွှဲဆည်သို့ ယခု ၂၀၂၂-၂၀၂၃ မိုးသီးနှံ လျာထားဧရိယများအတွက် ဆည်ရေပေးဝေရာ၌ စိုက်ပျိုးရေလိုအပ်ချက်အရ ထုတ်လွှတ်မည့် ဆည်ရေ များကို မုန်းချောင်းရေလှောင်တမံနှင့် ကြီးအုံကြီးဝရေလှောင်တမံ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားထုတ်လွှတ်ပြီး ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်နိုင်သည့်အပြင် မဲဇလီဆည်ရေသောက် ဧရိယာများသို့ စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေလျက်ရှိကြောင်း  ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။ 


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)