တန့်ဆည်မြို့နယ်၊ ကျွန်းလည်ကျေးရွာမှ ခဏတာ စကားပြောဆိုပြီးတော့ ကဘဲကျေးရွာကို ဆက်ထွက်လာကြပါတယ်။ ဦးညွန့်ခိုင်တို့ ပြည်သူ့စစ်အဖွဲ့များက ဆရာတော်ရဲ့ ကား အရှေ့အနောက်ကနေ လုံခြုံရေးလိုက်ပါပေးကြတာကို သတိပြုမိပါတယ်။
တချိန်က ဘာဆိုဘာမှ မဖြစ်ခဲ့တဲ့ အရပ်ဒေသတွေမှာ ကိုယ့်ရွာကို လက်နက်ကိုင်ပြီး ကာကွယ်နေရတဲ့ အခြေအနေမျိုးကို ရောက်အောင် နိုင်ငံရေးမှိုင်းမိသွားကြတယ်။ နိုင်ငံရေးသမားတွေရဲ့ မဟုတ်မမှန် လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေကို ယုံကြည်ပြီး ကိုယ့်ရွာကိုယ် ဖျက်ဆီးဖို့တောင် ဝန်မလေးတဲ့ အဆင့်မျိုးကို ရောက်သွားကြတယ်လို့ စိတ်မကောင်းဖြစ်မိပါတယ်။
ကျွန်တော်တို့ ကပဲရွာရောက်တော့ ကျောင်းဝိုင်းထဲမှာ ပြည်သူ့စစ်တွေ စုစည်းပြီး ဖြစ်နေတာကို တွေ့ရပါတယ်။ ဆရာတော်က မင်းတို့ကို အားပေးစကားလေး ပြောချင်လို့ကွ၊ လူစုလိုက်ကြအုံး ဆိုတာနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဟာ တပ်မတော်သားများလိုပါပဲ။ အားလုံးသက်သာအနေအထား နဲ့ လူစုလိုက်ကြပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များထဲမှာ အမျိုးသမီးများ ပါဝင်နေတာက ပိုပြီး ထူးဆန်းနေပါတယ်။
ကိုချိုကြီး၊ မဖွေးစိန်တို့က လက်အုပ်လေးချီပြီး ပြည်သူ့စစ် အကို၊ အမများကို ဂါရတရားနဲ့ နှုတ်ဆက်ပြီး အားပေးစကား ပြောကြပါတယ်။
ကိုချိုကြီးရဲ့ အားပေးစကားများထဲက တချို့ကို ထုတ်နှုတ်ရေးသားပြရရင်တော့ စစ်ကိုင်းတိုင်းဒေသကြီးထဲက ကိုယ့်ရပ်ကိုယ်ရွာကို ကာကွယ်နေကြတဲ့ အခြေအနေတွေကို တိုင်းတပါးကနေ ရောက်လာပြီး လာရောက်ကြည့်ရှုတယ်ဆိုတာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှုမှ မပါသလို ဘယ်သူရဲ့ အထောက်အပံ့နဲ့မှလည်း မဟုတ်ကြောင်း၊ ကိုယ့်စရိတ်နဲ့ကိုယ် တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ လာရောက်ခြင်းဖြစ်ကြောင်း၊ နစက အစိုးရက ဒီမိုကရေစီကို ဖော်ဆောင်နေကြောင်း၊ ဒီမိုကရေစီဆိုတာ ကိုယ့်ပြည်သူလူထုရဲ့ အကျိုးစီးပွား ကိုယ့်နိုင်ငံရဲ့အကျိုးစီးပွားအတွက်ကို အလုပ် လုပ်ရမှာဖြစ်ကြောင်း၊ မတူညီတဲ့ ဘာသာတရားတွေ၊ အတွေးအခေါ်တွေ အတူတကွ ယှဉ်တွဲနေထိုင်ပြီးတော့ ဒီမိုကရေစီရရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်၊ တည်ငြိမ်အေးချမ်းအောင်ဆိုတဲ့ ရည်ရွယ်ချက်မျိုးကို ယုံကြည်တဲ့အတွက် ကျွန်တော်တို့ က တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ကြောင်း၊ အခုလိုမျိုး ငါနဲ့မတူတဲ့သူ၊ အယူဝါဒမတူတဲ့သူကို သတ်ကြ၊ ဖြတ်ကြဆိုတဲ့ လုပ်ရပ်မျိုးဟာ ဒီမိုကရေစီ မဟုတ်ကြောင်း၊ ဒါကြောင့် ဒီနေ့ ကျွန်တော်လာတာက စစ်ကိုင်းတိုင်းဒေသကြီးမှာ ရှိတဲ့ ပြည်သူလူထုကို မှော်တော်ဆရာတော်ဘုရားက စီမံဆောင်ရွက်ပေးပြီးတော့ ပြည်သူ့စစ်တွေ ဖွဲ့စည်းနိုင်ဖို့၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့၊ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်နေကြတာတွေကို အားပေးဖို့ လာရောက်ခြင်းဖြစ်ကြောင်း၊ အားပေးတဲ့ နေရာမှာလည်း နှလုံးရည်တိုက်ပွဲ၊ လက်ရုံးရည်တိုက်ပွဲ အကြမ်းဖက်သမားတွေက လက်နက်ကိုင်ပြီး သတ်ဖြတ်နေတာတွေကို ကာကွယ်ဖို့အတွက် လက်နက်မရှိရင်လည်း သတ်ဖြတ်ခံနေရမှာဖြစ်ကြောင်း၊ အကိုများက လက်ရုံးရည်တိုက်ပွဲ ကျွန်တော်တို့က နှလုံးရည်တိုက်ပွဲ မှာပါဝင်နေသူတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ အကိုတို့ကို အားပေးဖို့ လာခဲ့ခြင်းဖြစ်ကြောင်း၊ အဲဒီတော့ ဒီမိုကရေစီ အိုင်ကွန်ုလို့ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားရှိကြောင်း၊ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေးဖြစ်ကြောင်း၊ အခု ကျွန်တော်တို့ တိုင်းပြည်မှာ PDF အကြမ်းဖက်သမားတွေက မဲမဲမြင်ရာ ဒလန်ဆိုပြီး လုပ်ကြံသတ်ဖြတ်နေတာတွေ တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီးတော့ လူတွေကို ကြောက်ရွံ့သွားအောင်အတွက်ကို အမေရိကန်ခေါင်းဆောင်တဲ့ အနောက်အုပ်စုကနေပြီးတော့ ငွေပေးပြီး ခိုင်းစေချက်နဲ့ ကျွန်တော်တို့တိုင်းပြည်ကို သူတို့လိုချင်တဲ့ အစိုးရ မရတဲ့အတွက်ကြောင့်မို့ ဖျက်ဆီးနေတယ်ဆိုတာကို သိစေလိုကြောင်း၊ ပဋိပက္ခဖြစ်နေတာတွေဟာ ပြည်သူလူထု အချင်းချင်း ဖြစ်နေတာ မဟုတ်ကြောင်း၊ ပြည်သူလူထုက အေးအေးဆေးဆေးနေချင်ကြတဲ့ ပြည်သူလူထုသာ ဖြစ်ကြောင်း၊ ဒါပေမယ့် အမေရိကန်ခေါင်းဆောင်တဲ့ အနောက်အုပ်စုက သူတို့လိုချင်တဲ့ အစိုးရ မရ ရအောင် ခေတ်သစ်နယ်ချဲ့နည်းနဲ့ နယ်ချဲ့ဖို့လုပ်ဆောင်လာကြောင်း၊ မရတဲ့အခါကြတော့ အခုလိုမျိုး တရားဥပဒေစိုးမိုးမှုကင်းမဲ့အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးနေတာ ဖြစ်တဲ့အတွက် အခုကျွန်တော်တို့ တိုင်းပြည်ဟာ နယ်ချဲ့တွေရဲ့ ကျူးကျော်မှုကို ခံနေရကြောင်း၊ အမေရိကန် နယ်ချဲ့တွေရဲ့ ကျူးကျော်မှုကို ခံနေရခြင်းဖြစ်ကြောင်း၊ ပြည်သူအချင်းချင်း သတ်နေတယ်လို့သာ မမြင်သင်ကြောင်း၊ အမေရိကန်နယ်ချဲ့ရဲ့ ကျူးကျော်မှုကို ခံနေရခြင်းဖြစ်ကြောင်း၊ ယနေ့ အကိုတို့ ကျွန်တော်တို့ ဆောင်ရွက်နေရတဲ့ အလုပ်တွေဟာ နယ်ချဲ့ကျူးကျော်မှုကို တွန်းလှန်နေကြရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆို အားပေးစကား ပြောသွားပါတယ်။
မဖွေးစိန်ကလည်း အလားတူပဲ ကိုယ့်ရပ်ကိုယ်ရွာကို ကာကွယ်နေကြတဲ့အတွက် ပြည်သူ့စစ် အကို၊ အများကို လေးစားဂုဏ်ပြုကြောင်းဖြင့် အနည်းငယ် အားပေးစကားပြောပါတယ်။ ပြီးတဲ့အခါမှာ အမျိုးသမီး ပြည်သူ့စစ်အဖွဲ့ဝင်တွေ ဘာကြောင့် ပြည်သူ့စစ်ထဲ ဝင်ရောက်တာလဲဆိုတာကို သူက မေးမြန်းချင်ပါတယ်။
ပြည်သူ့စစ်တပ်ဖွဲ့ဝင် အမတစ်ယောက်ကို မေးမြန်းကြည့်တဲ့အခါ အမက ရပ်ထဲ ရွာထဲမှာPDF တွေရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေကို မြင်နေရတာ သည်းမခံနိုင်တော့လို့ ကိုယ်တိုင် ပြည်သူ့စစ်အဖွဲ့ထဲ ပါဝင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြပါးပါတယ်။ နောက်ထပ် အမတစ်ယောက်ကတော့ သူ့အစ်မနဲ့ ခဲအိုကို PDF တွေက ဖမ်းဆီးသွားတာ ယနေ့အချိန်အထိ သေသလား၊ ရှင်သလား မသိရသေးပါဘူး။ အမမွေးခဲ့တဲ့ သားလေးဟာ မိဘမဲ့ ဖြစ်နေရပါပြီ။ အဲဒီ PDF တွေကို လက်တုန့်ပြန် ချင်လို့ ပြည်သူ့စစ်အဖွဲ့ထဲမှာ ဝင်ရောက်တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း သူမရဲ့ ရင်ထဲက ခံစားချက်ကို ပွင့်ပွင့်လင်း ပြောလာပါတယ်။ မဖွေးစိန်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်အတွက် စိတ်မကောင်းဖြစ်မိပါကြောင်း၊ အခုလို ဒေါသမထားဘဲ လက်စားချေလိုစိတ်တွေ မထားဘဲ ကိုယ့်ရပ်ကိုယ့်ရွာကို ကိုယ်နိုင်တဲ့ ဘက်က ကာကွယ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးသာ ထားသင့်ပါကြောင်း နှစ်သိမ့်စကား ပြောခဲ့ရပါတယ်။
နောက်ထပ် ညီမငယ် တစ်ယောက်ကို မေးကြည့်လိုက်တဲ့အခါကြတော့ PDF အကြမ်းဖက်သမားများကြောင့် ကျောင်းတက်ခွင့် မရဘဲဖြစ်ခဲ့ကြောင်း၊ ကျောင်းပြန်တက်ချင်ကြောင်း၊ သူတို့တွေေကြောင့် ပညာရေးနောက်ကျခဲ့ရတဲ့အတွက် မကျေနပ်လို့ ပြည်သူ့စစ်ထဲ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရင်ထဲက ခံစားချက်တွေကို ဖွင့်ဟ ပြောဆိုလာပါတယ်။
ကိုယ်တွေ့ကြုံခဲ့ရတဲ့ အကြမ်းဖက်ဘေးအန္တရာယ်သင့် ညီမငယ်ရဲ့ စကားဟာ အတော်ကို စိတ်ထိခိုက်ရပါတယ်။ သူတို့တွေရဲ့ ရင်ထဲမှာ PDF အစွန်းရောက် အကြမ်းဖက်တွေအပေါ် ဘယ်လောက်တောင် နာကျည်းမုန်းတီးနေသလဲဆိုတာ ပေါ်လွင်ပါတယ်။
ပြည်သူ့စစ်အကိုတစ်ယောက်လောက်နဲ့ အင်တာဗျူးလေးများ လုပ်လို့ ရမလားဆိုတော့ ဦးစိုးခိုင်က ကျွန်တော်ရဲ့ မေးမြန်းမှုကို ဖြေကြားပေးပါတယ်။ ၂၀၂၁ခုနှစ် ၁၁လပိုင်းထဲမှာ သူရဲ့အိမ်ကို PDF အကြမ်းဖက်သမားတွေက သူရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ ရပ်ရွာထဲက PDF အကြမ်းဖက်သမား ၃ဦးကို ဖမ်းဆီးခဲ့တဲ့အပေါ် ညှိုးပြီး လုပ်ကြခြင်းဖြစ်ကြောင်း၊ ဆရာတော်ဦးဝါသဝ ရဲ့ ကျောင်းကို ထွက်ပြေးတိမ်းရှောင် နေခဲ့ရကြောင်း၊ ဆရာတော်၏ ကျောင်းတွင် နေထိုင်ရင်း ဆရာတော်၊ ဗိုလ်ကြီးကျော်သူရိန်၊ ဦးညွန့်ခိုင်တို့နှင့် စီစဉ်ပြီး ပြည်သူ့စစ်ဖွဲ့စည်းရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ရပ်ရွာကို PDF ပြန်မကပ်နိုင်တော့သည်မှာ ၄လခန့် ရှိပြီဖြစ်ကြောင်း၊ နစက အစိုးရနဲ့ တသားတည်း ရှိပါကြောင်း၊ ပြည်သူ့စစ်အဖွဲ့ဝင်များ ခိုင်မာအားကောင်းနေပြီဖြစ်တဲ့အတွက် လက်နက်၊ စားရေးရိက္ခာများ လုံလုံလောက်လောက် ပံ့ပိုးပေးစေချင်ပါကြောင်း ဖြင့် ဖြေကြားသွားပါတယ်။
သူကိုယ်တိုင် အကြမ်းဖက်အေးအန္တရာယ် ကိုယ်တွေ့ခံစားခဲ့ရသူတစ်ဦး ကိုယ့်ရပ်ကိုယ့်ရွာကို အကြမ်းဖက်ဘေးမကျရောက်စေလိုတဲ့ စိတ်နဲ့ အားတက်သရော လုပ်ဆောင်နေတာကို အားကျမိပါတယ်။
ဖြစ်နိုင်ရင် စာရေးသူ ကိုယ်တိုင်လည်း ပြည်သူ့စစ်အကို၊ အမတွေနဲ့အတူ ပြည်သူ့စစ်အဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်လိုစိတ်ပေါက်သွားလောက်အောင်ကို သူတို့တွေ့ကြုံခံစားခဲ့ရတဲ့ အဖြစ်တွေက ရင်နာစရာကောင်းပါတယ်။ ခံပြင်းဒေါသလည်း ဖြစ်မိပါတယ်။ ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်ရွာသူရွာသားအချင်းချင်း တိုင်းတပါးသားတွေနဲ့ ပြည်ပြေးတွေက မြှောက်ပေးတိုင်း မိုက်လုံးထွားနေတဲ့ ငမိုက်သားတွေကို ခြေမှုန်းပစ်ချင်စိတ်တွေ ပေါ်ပေါက်ခဲ့ရပါတယ်။
စာအားဖြင့် အပိုင်း(၄)ကို ရောက်ရှိလာပေမယ့် ကျွန်တော်တို့ သွားလာနေတာ နာရီပိုင်းအတွင်း လှုပ်ရှားမှုတွေပါပဲ။ ဆရာတော်ကျောင်း ရောက်တယ်ဆိုတာနဲ့ ပေးမနားပါဘူး။ ကျောင်းက ပြည်သူ့စစ်တွေကို အားပေးစကားပြော၊ ပြီးတော့ ချက်ချင်းထွက်လာပြီး ကျွန်းလည်ရောက်၊ အလှူငွေကပ်၊ မေမြန်းစရာရှိတာ မေးမြန်း၊ ကဘဲရောက် ပြောဆိုဆွေးနွေးပြီး တော့ ဆရာတော် က အနားမပေးပါဘူး။ ခရီးဆက်စရာ ရှိသေးတယ်ဟေ့။ ထွက်ကြရအောင် ဆိုပြီး သုတ်သီးသုတ်ပြာ ထွက်ခဲ့ကြပါတယ်။
ပတ်ဝန်းကျင်ကတော့ ညမှောင်ရီပျိုးလို့နေပါပြီ။ ဆရာတော်က သူကိုယ်တိုင်လည်း အနားမယူ ဇိမ်မခံဘဲ အများကောင်းကျိုး၊ ရွာသူရွာသားများ ဘေးကင်းလုံခြုံရေးအတွက် ကိုယ့်အသက်ကိုမှ ပဓာနမထားဘဲ တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်ဟောပြောစည်းရုံးဆောင်ရွက်နေသလို ကျွန်တော်တို့ ရောက်တဲ့အခိုက်မှာလည်း အနားမပေးဘဲ တလစပ်ထွက်ခွာလို့ နေပါတယ်။ ညမှောင်မှောင် လမှောင်မှောင် ကန့်ဘလူမြို့နယ်၊ ညောင်ပင်ကြီးအုပ်စု၊ ညောင်ပင်ကြီးကျေးရွာ မှာ ဆက်လက်ပြီး ဟောပြောစည်းရုံးရတဲ့အကြောင်း . . . . . ။
ဆက်လက်ရေးသားပါအုံးမည်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment