MNP - ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခိုက်မှုများကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူများနှင့် ထိခိုက်သေဆုံးသွားသည့် ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက စဉ့်ကူးမြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝဘေးရန်ပုံငွေမှ စဉ့်ကူးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူ (၂)ဦးအတွက် ထောက်ပံ့ငွေများ၊ ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂၅၃)လုံးနှင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၂)ကျောင်း၊ လေဘေးသင့်အိမ်ထောင်စု (၂၅၃)စုမှ လေဘေးသင့်ပြည်သူ (၂၇၄၀)ဦးတို့အတွက် ထောက်ပံ့ပေးအပ်သော စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၁၈၈၈၀၀၀၀၀)အား စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူး သော်တာထွန်း၊ ဦးရွှေဝင်းနှင့် ဦးထွန်းညွန့်ဦးတို့က လေဘေးသင့်ပြည်သူများအား လက်ဝယ်အရောက် ပေးအပ်ခဲ့ရာ လေဘေးသင့်ပြည်သူများက လက်ခံ ရယူခဲ့သည်။
အဆိုပါ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment