မင်းဘူးခရိုင်အဆင့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးခရိုင်အဆင့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP - ဇွန်   ၁၁


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ဦးစွာ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားရာ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို မြို့နယ်အဆင့်ပြီးလျှင် ခရိုင်အဆင့်၊ မကွေးတိုင်းဒေသကြီးအဆင့်နှင့် နေပြည်တော် ဗဟိုအဆင့်ထိတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်အဆင့် ပြိုင်ပွဲများကို ကြိုတင်ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲများကျင်းပရာတွင် အဆင့်မြင့်ပညာဦးစီး ဌာနနှင့် အခြေခံပညာကျောင်းများရှိ အသက် (၁၅)နှစ်မှ (၂၀)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများကို စိစစ်ရွေးချယ်ပြီး စနစ်တကျ လေ့ကျင့်သင်ကြားပေးစေလိုကြောင်း၊ ခရိုင်အဆင့်ပြိုင်ပွဲကို ဇူလိုင်လ တတိယအပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအားလုံး အောင်မြင်စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက် ဦးစီးကော်မတီနှင့် လုပ်ငန်းစပ်ကော်မတီများကို အသီးသီး ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်တာကြောင့် ကော်မတီဝင်များအားလုံးက ဝိုင်းဝန်းပူပေါင်းပြီး ဆောင်ရွက်ပေးစေလိုပါကြောင်းစသည်ဖြင့် ပြောကြားသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင့်ကျော်က ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့်စဉ်လျဉ်ပြီး အနာဂတ် မျိုးဆက်သစ် လူရည်ချွန်များ ပေါ်ထွန်းလာရေး၊ ပြိုင်ပွဲကျင်းပစဉ် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် လုံခြုံရေးဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးပြောကြားသည်။


ယင်းနောက် တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များက မြို့နယ်အလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည့် အခြေအနေများ၊ ခရိုင်အဆင့်ပြိုင်ပွဲများ ကျင်းပသွားမည့် အခြေအနေများနှင့် ပြိုင်ပွဲများကျင်းပရာတွင် လိုအပ်သော တူရိယာများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းကိစ္စရပ်များကို အသေးစိတ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။


အဆိုပါအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)