MNP ၊ ဇွန် ၂၇
ရခိုင်ပြည်နယ်၊ ဂွမြို့၊ ရဟိုင်ဖျားကျေးရွာရှိ ရဟိုင်ချောင်း ချောင်းအနီး (နုန်းအိုင်)တွင် ယမန်နေ့ နံနက်ပိုင်းက ဝါးခုတ်သွားသူများထဲမှ တစ်ဦးတောဆင်ရိုင်း နင်းခံရ၍ သေဆုံးမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဝါးခုတ်သွားသူများထဲမှ တစ်ဦးတောဆင်ရိုင်း နင်းခံရ၍ သေဆုံးမှု ဖြစ်သည်ဟု သတင်းကြားသိရ၍ မြို့နယ်ရဲတပ်ဖွဲ့မှ ခေတ္တမြို့မစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရခိုင်ရိုးမ ဆင်ဘေးမဲ့တောမှ တောအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (ဒေသခံ) တာဝန်ရှိသူများနှင့် ရဟိုင်ဖျားကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာသို့ သွားရောက်စုံစမ်း စစ်ဆေးခဲ့ကြရာ ဆုံတွင်းကျေးရွာနေ ဦးကလေးလေး(၄၆)နှစ်သည် သူ၏သားနှစ်ယောက်နှင့်အတူ ရွာသား(၃)ဦးလိုက်ပါပြီး ဇွန်လ(၂၅)ရက်နေ့ညက ဝါးခုတ်ရန် ဒေသအခေါ် ရဟိုင်ချောင်း ချောင်းအနီး (နုန်းအိုင်)တွင် ဆောက်လုပ်ထားသည့် တဲသို့ ညအိပ်သွားခဲ့ကြကြောင်း၊ ဇွန်လ(၂၆)ရက်နေ့ နံနက်(၁)နာရီတွင် တောင်ပေါ်ထက်မှ ဆင်အော်သံများကြားရ၍ တဲအတွင်းမှ ခြေဦးတည့်ရာသို့ ထွက်ပြေးခဲ့ကြကြောင်း၊ နံနက်ပိုင်းအလင်းရောင် မြင်ရချိန်မှ တဲသို့ပြန်လာလူစုခဲ့ကြရာ ဦးကလေးလေးမှာ ဦးခေါင်းဝဲဘက်နှင့် နှာခေါင်းတို့မှ သွေးထွက်ဒဏ်ရာများ၊ ယာဘက်ဒူးရိုးကျိုး ဒဏ်ရာများနဲ့သေဆုံးနေကြောင်း၎င်း၏ သားအကြီးဖြစ်သူက ပြန်လည်ပြောပြချက်အရ သိရသည်။
အဆိုပါ သေဆုံးသူ၏ အလောင်းအား မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့အပ်ပြီး သေမှုသေခင်းဖွင့်လှစ် စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
သတင်း - မိုးစက်
https://t.me/MyanmarNationalPost
No comments:
Post a Comment