MNP - ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် မိုးလုံလေလုံခန်းမ၌ မုံရွာတက္ကသိုလ် ၂၀၂၂-ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ မုံရွာတက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီ နာယက ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းနှင့် ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ တာဝန်ရှိသူများ ပြိုင်ပွဲဝင်အသင်းများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မုံရွာတက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီ နာယက ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းနှင့်အဖွဲ့သည် သမိုင်းအသင်းနှင့် (မြန်မာ၊ ပထဝီ၊ အရှေ့တိုင်း)အသင်းတို့ ပိုက်ကျော်ခြင်းနောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှုအားပေးခဲ့ရာ သမိုင်းအသင်းက ပထမဆုကို ရရှိခဲ့ကြောင်းသိရသည်။
ပိုက်ကျော်ခြင်း နောက်ဆုံးဗိုလ်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဘာသာရပ်ပေါင်းစုံပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ပါမောက္ခဌာနမှူး (မြန်မာစာ) ဒေါက်တာ အေးဝင်းက ဒိုင်အဖွဲ့အား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ ပိုက်ကျော်ခြင်း(၂)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသော (မြန်မာ၊ ပထဝီ၊ အရှေ့တိုင်း)အသင်းအား ဆုတံဆိပ်နှင့်ဂုဏ်ပြုကတ်များကို ပါမောက္ခဌာနမှူး ဒေါက်တာ ကိုကိုဇော်(သတ္တဗေဒ)ကလည်းကောင်း၊ ပထမဆုရရှိသော သမိုင်းအသင်းအား ဆုတံဆိပ်နှင့် ဂုဏ်ပြုကတ်များကို ပါမောက္ခဌာနမှူး ဒေါက်တာ အောင်ခင်စိုး(ဘူမိဗေဒ)ကလည်းကောင်း၊ ပိုက်ကျော်ခြင်းအသင်းလိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော (မြန်မာ၊ ပထဝီ၊ အရှေ့တိုင်း)အသင်းအား ဆုတံဆိပ်နှင့်ဂုဏ်ပြုကတ်များကို ပါမောက္ခဌာနမှူး ဒေါက်တာဒေါက်တာ ဌေးဌေး(ဥပဒေပညာ)ကလည်းကောင်း၊ ပထမဆုရရှိသော သမိုင်းအသင်းအား ဆုတံဆိပ်နှင့်ဂုဏ်ပြုကတ်များကို ပါမောက္ခဌာနမှူး ဒေါက်တာ ရွှေစင်အောင်(ရူပဗေဒ)ကလည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အကောင်းဆုံးစပေးဘောဆုရရှိသော သမိုင်းအသင်းမှ ကျောနံပါတ် ၈ မောင်သိန်းစိုးထိုက်အား ဆုတံဆိပ်နှင့်ဂုဏ်ပြုကတ်များကို ပါမောက္ခဌာနမှူး ဒေါက်တာစန္ဒာစိုး(သမိုင်း)ကလည်းကောင်း၊ အကောင်းဆုံးပင့်ထောင်ဆုရရှိသော သမိုင်းအသင်းမှ ကျောနံပါတ်၆ မောင်ဇော်ထွန်းဝင်းအား ဆုတံဆိပ်နှင့်ဂုဏ်ပြုကတ်များကို ပါမောက္ခဌာနမှူး ဒေါက်တာလှလှမြင့်(အရှေ့တိုင်း)ကလည်းကောင်း၊ အကောင်းဆုံးနောက်ထိန်းဆုရရှိသော ပထဝီအသင်းမှ ကျောနံပါတ်(၁) မောင်ဇွဲသီဟနိုင်အား ဆုတံဆိပ်နှင့်ဂုဏ်ပြုကတ်များကို ပါမောက္ခဌာနမှူး ဒေါက်တာ မြင့်မော်ဦး(စိတ်ပညာ)ကလည်းကောင်း၊ အကောင်းဆုံးရိုက်ခုတ်ဆုရရှိသော အရှေ့တိုင်းပညာအသင်းမှ ကျောနံပါတ်(၅) မောင်အာကာထက်အား ဆုတံဆိပ်နှင့်ဂုဏ်ပြုကတ်များကို ပါမောက္ခဌာနမှူး ဒေါက်တာ ခင်မြင့်စိန်(မြန်မာစာ)ကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသော သမိုင်းအသင်းမှ ကျောနံပါတ်(၇) မောင်ဆန်းထွန်းဝင်းအား ဆုတံဆိပ်နှင့်ဂုဏ်ပြုကတ်များကို ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်နွဲ့အေးကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပိုက်ကျော်ခြင်း(၂)ယောက်တွဲပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းအသင်းလိုက်ပြိုင်ပွဲတို့တွင် တံခွန်စိုက်ဒိုင်းဆုရရှိသော သမိုင်းအသင်းအား တံခွန်စိုက်ဒိုင်းဆုများကို မုံရွာတက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီ နာယက ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းက ပေးအပ်ရာ အသင်းတာဝန်ခံဆရာတစ်ဦးနှင့် အားကစားသမားတစ်ဦးတို့က အသီးသီးလက်ခံရယူခဲ့ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မုံရွာတက္ကသိုလ် ၂၀၂၂-ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကို မုံရွာတက္ကသိုလ်ရှိ ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း(၆)သင်းက ဇွန်လ ၂၇ ရက်နေ့မှ ဇွန်လ(၂၉)ရက်နေ့ထိ ယှဉ်ပြိုင်ခဲ့ကြရာ အသင်းလိုက် ပထမဆုရရှိသော သမိုင်းအသင်းအား ဂုဏ်ပြုငွေ(၅၀၀၀၀)ကျပ်၊ ဒုတိယဆုရရှိသော (မြန်မာ၊ပထဝီ၊အရှေ့တိုင်း)အသင်းအား ဂုဏ်ပြုငွေ(၄၀၀၀၀)ကျပ်နှင့် ပိုက်ကျော်ခြင်း နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရ သမိုင်းအသင်းအား ဂုဏ်ပြုငွေ(၃၀၀၀၀)ကျပ်၊ ဒုတိယဆုရရှိသော (မြန်မာ၊ ပထဝီ၊ အရှေ့တိုင်း)အသင်းအား ဂုဏ်ပြုငွေ(၂၀၀၀၀)ကျပ်တို့ကို တာဝန်ရှိသူများမှ ထိုက်ထိုက်တန်တန်ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment