အသက်အန္တရာယ်ကြားက ကျောင်းဖွင့်ခဲ့ရတဲ့ မူးခွကျေးရွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက်အန္တရာယ်ကြားက ကျောင်းဖွင့်ခဲ့ရတဲ့ မူးခွကျေးရွာ











ဆရာတော်ဦးဝါသဝ ရှိရာ ကန့်ဘလူမြို့နယ်၊ မှော်တော်ရွာ၊ သာသနာ့အလင်းရောင်းကျောင်းတိုက်ကို ကျွန်တော်တို့ ရောက်ခဲ့ကြပါတယ်။ ရောက်တဲ့နေ့မှာလည်း ဆရာတော်က ပြည်သူ့စစ်အဖွဲ့တွေနဲ့ တွေ့ဆုံပေးပြီး အားပေးစကားပြောခိုင်းတယ်။ ကိုချိုကြီး နဲ့ မဖွေးစိန်တို့က အားပေးစကားပြောကြတယ်။ ဆရာတော်နဲ့ နယ်မြေတာဝန်ခံ ဗိုလ်ကြီးကျော်သူရိန်တို့ရဲ့ ဆောင်ရွက်ချက်တွေအပေါ် အားရကျေနပ်မိတယ်။ တချိန်က PDF အကြမ်းဖက်သမားတွေရဲ့ ရန်ပြုစော်ကားမှုတွေကြောင့် မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေရတဲ့ ပြည်သူတွေရဲ့ မျက်နှာမှာ အပြုံးရိပ်လေးတွေ သန်းလာတာကို ကျွန်တော့်အနေနဲ့ ဝမ်းမြောက်မိတယ်။ ဗိုလ်ကြီးကျော်သူရိန်ဆိုရင် ဒေသခံပြည်သူတွေနဲ့ တသားတည်းဖြစ်နေလို့ ပြောင်းရွှေ့မိန့်ကျလာတဲ့အချိန်မှာ ဒေသခံတွေက ငိုယိုပြီး မပြောင်းရွှေ့ဖို့ တောင်းပန်ကြတဲ့အတွက် ရွာမှာပဲ ဆက်လက် တာဝန်ထမ်းဆောင်နေရပါတယ်။

နောက်တစ်ရက် ဆရာတော်က သူ့ရဲ့ဇာတိရွာကို လိုက်ပြမယ်ဆိုတော့ တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာကို ရောက်ဖြစ်ခဲ့ပါတယ်။ မူးခွကျေးရွာကို မရောက်မီ ဆရာတော် မိန့်ကြားလို့ သိရတာက "ဒီရွာက ကျုပ်ရဲ့ ဇာတိရွာပဲ။ ဘာသာရေး အားကောင်းပေမယ့် PDF တွေပေါ်လာတော့ ရွာကျောင်းက ကျုပ်ရဲ့ နောင်တော်ကြီးကလည်း ဒီကောင်တွေဘက်က ပါတယ်။ ကိုယ့်ရွာသူ ရွာသားကို စိတ်ဝမ်းမကွဲအောင် စည်းရုံးရမယ့်အစား သူကပါ မြှောက်ပေးနေလို့ ကျုပ်ပွဲကြမ်းထားရတာ။ PDF တွေက ကျုပ် အဖေ၊ အမေကို သတ်မယ်လို့ ခြိမ်းခြောက်ကြတာပေါ့။ ကျုပ်ကလည်း အဖေနဲ့ အမေကို ကယ်ထုတ်ရင် ရပေမယ့် သူတို့ကယ်ထုတ်ပြီး တခြားသူတွေ အသတ်ခံရမှာစိုးလို့ ဒီအတိုင်း ထားရတယ်"လို့ မိန့်ပါတယ်။

 ရွာအဝင် မှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေက စစ်ဆေးရေးဂိတ်လုပ်ပြီး ကျေးရွာတွင်း အဝင်အထွက်ကို စိစစ်ဆောင်ရွက်ပေးနေရတဲ့ အခြေအနေဖြစ်ပါတယ်။ ဆရာတော်က စစ်ဆေးရေးဂိတ်က ပြည်သူ့စစ်အဖွဲ့ဝင်တွေကို လမ်းဘေးဝဲယာ မြင်ကွင်းရှင်းအောင် အပင်တွေကို ရှင်းလင်းထားစေလိုကြောင်း သြဝါဒမိန့်ကြားပါတယ်။

အဲဒီကနေ မှ ဆရာတော်က ပြည်သူ့စစ်အဖွဲ့တွေကို လူစုခိုင်းထားပြီး တပ်မတော်အငြိမ်းစား တပ်ကြပ်ကြီး တစ်ဦးရဲ့ နေအိမ်မှာ ဆုံဖြစ်ကြပါတယ်။ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်က ဆရာတော်ရဲ့ ညီ ဖြစ်ပါတယ်။ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ကို ရွာမှာ ဖြစ်ပေါ်ခဲ့တဲ့အခြေအနေလေးတွေ မေးမြန်းလိုက်တဲ့အခါ PDF အကြမ်းဖက်သမားတွေလာထောင်ထားတဲ့ မိုင်းတွေ ဖော်ထားတာ သိပ်မကြာသေးဘူးတဲ့။ ဓာတ်ပုံမှတ်တမ်းတွေ ပြတယ်။ ရွာကို ဝင်ပစ်လို့ ခုခံပစ်ခတ် ခဲ့ရတဲ့ အခြေအနေတွေကိုလည်း ရှင်းပြတယ်။ ပြည်သူ့စစ် ခေါင်းဆောင် အကိုက စိတ်ရှုပ်လို့ facebook လည်း မသုံးဘူး။ သတင်းလည်း မကြည့်ဘူး။ ရွာမှာ ဖြစ်လာတော့ နေမရလို့ လုပ်နေတာ။ ရွာကို လာပြီး ဖျက်ဆီးနေလို့သာ ပြည်သူ့စစ်အလုပ် ကို ဝင်လုပ်ပေးနေတာလို့ ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် အကိုနဲ့ စကားပြတ်တဲ့အချိန်မှာ အငြိမ်းစား တပ်ကြပ်ကြီးက ဓမ္မစကူးလ်ဖွင့်လှစ်သင်ကြားနေမှုအခြေအနေ၊ သင်္ကြန်ပွဲ၊ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပခဲ့တဲ့ ရုပ်သံမှတ်တမ်းလေးတွေ ပြတယ်။ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တာကို တွေ့ရတော့ ထူးဆန်းနေတယ်။ ဒီလိုဖြစ်နေတဲ့ ကာလမှာ ဒီလို လုပ်လို့ရသလားလို့ မေးကြည့်တော့ ပြည်သူ့စစ် အကိုက အေးအေးဆေးဆေးတော့ ဘယ်လုပ်လို့ရမလဲ အကိုရယ်။ PDF ဝင်လာမယ့် အပေါက်တွေမှာ ပြည်သူ့စစ်နဲ့ လုံခြုံရေးယူပြီး ရွာသူရွာသားတွေ ပျော်ရွှင်နိုင်အောင် လုပ်ပေးရတာပေါ့တဲ့။ သင်္ကြန်ပွဲကိုလည်း မဏ္ဍပ်ထိုးပြီး စည်းကားသိုက်မြိုက်စွာ လုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။

ရုပ်သံမှတ်တမ်းလေးတွေ ကြည့်ရင်း စကားစမြည်ပြောကြတော့ PDF က ဘယ်လောက်အထိ ဆိုးသလဲမေးရင် ပဋ္ဌာန်းပွဲ ကျင်းပနေတာကိုတောင် ဒရုန်းနဲ့ ဗုန်းလာခွဲပါသတဲ့ဗျာ။ ဗုဒ္ဓဘာသာ နိုင်ငံတော်ကြီးမှာ ဗုဒ္ဓဘာသာဝင်များသာ ရှိတဲ့ ကျေးရွာမှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ် ပဋ္ဌာန်းပွဲကို PDF အကြမ်းဖက်သမားများက ဒရုန်းနဲ့တောင် ဗုန်းခွဲတယ်ဆိုတော့ စိတ်ဓာတ်နဲ့ လုပ်ရပ်ဟာ အံ့သြစရာဖြစ်နေတယ်။

အဲဒီကနေ မှ ဆရာတော်ရဲ့ အိမ်ကို ရောက်တော့ PDF ခေါင်းဆောင်ရဲ့ အိမ်ကို တွေ့ရတယ်။ ဆရာတော်တို့ မိခင်ဖခင်များ အိမ်ရဲ့ မျက်စောင်းထိုးက PDF ခေါင်းဆောင်အိမ်ပဲတဲ့။ အန္တရာယ်များလွန်လိုက်တာလို့ တွေးလိုက်မိတယ်။ အခုတော့ PDF ခေါင်းဆောင် အရိပ်အယောင်မျှ မမြင်ရတော့ဘဲ အိမ်ကို ဖျက်ခိုင်းထားတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။ ဆရာတော် အခုလိုတွေ လုပ်နေတော့ မယ်တော်ကြီး စိတ်ပူလို့ တားတယ်ဆိုတော့ ဆရာတော်ရဲ့ မယ်တော်ကြီးကို တွေ့တဲ့အခိုက်မှာ အမေ့သားက လူကြမ်းကြီးဖြစ်နေပါပြီလို့ ပြောတော့ ပြုံးနေတယ်။ အမေက ဆရာတော်ကို ဒီအလုပ်တွေ မလုပ်ဖို့ တားတယ်ဆို ဆိုတော့ "အဲဒီလိုတော့လည်း မဟုတ်ပါဘူး။ အခြေအနေတွေက ဘာမှန်းမသိဘူး" လို့ ပြောပါတယ်။ ဆရာတော်ကို တားတာ မယ်တော်ကြီးတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အမတွေကလည်း တားတယ်။ မရီးတွေကလည်း ဖုန်းတွေဆက်ပြီးတားတယ်။ ဆရာတော်က အဲဒီလိုဟာတွေ ပြောမယ်ဆိုရင် နောက်ဆို ဖုန်းမဆက်ကြနဲ့လို့ ပြန်ချဲထားတယ်လို့ သိရပါတယ်။

ဆရာတော်ဦးဝါသဝ ရွာစဉ်လှည့် တရားဟောပြီးမှာ သူ့ဇာတိရွာကို ဝင်ပြီး တရားဟော၊ ပြည်သူ့စစ်ဖွဲ့ပေးပြီးမှာ ကျောင်းဖွင့်နိုင်တဲ့ အခြေအနေမျိုး ဖြစ်လာတာပါ။ အိမ်ကနေမှ စာသင်ကျောင်းကို သွားကြတော့ ကျောင်းက အထက(ခွဲ)ကျောင်း။ ကျောင်းသား/ကျောင်းသူလည်း များတယ်။ ရပ်မိရပ်ဖတစ်ဦး ဖြစ်တဲ့ ဦးရေခဲက အသက်နဲ့ရင်းပြီး ကျောင်းဖွင့်ခဲ့ရတာပါ။ ဘယ်အချိန် ဆရာ/ ဆရာမကို ထုတ်ပြီး သတ်မလဲ။ ကျောင်းသား/ကျောင်းသူတွေကိုများ ထုတ်သတ်မလား။ စိုးရိမ်စိတ်နဲ့ ဖွင့်ခဲ့ရတာပါလို့ ပြောပါတယ်။ အဲဒီမှာ ဆရာ/ဆရာမတွေ နဲ့ စကားပြောပြီး ကျောင်းပေါ်ကနေ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်သုံးဦး ကျောင်းအနောက်ဘက်မှာ လုံခြုံရေးယူထားတာကို တွေ့ရတယ်။ ပြည်သူ့စစ်တွေက အမြဲတမ်း လုံခြုံရေးယူပေးနေရတာလား ဆိုတော့ အလှည့်ကျ အမြဲတမ်း လုံခြုံရေးယူထားတယ်လို့ ပြောပါတယ်။

ကျောင်းမှာ တာဝန်ကျ ဆရာ/ဆရာမတချို့ CDM လုပ်သွားတယ်။ တာဝန်ကျ ဆရာ/ ဆရာမတချို့ မလာရောက်နိုင်သေးဘူး။ ကျွန်တော်တို့နဲ့ စကားပြောနေတဲ့ ဆရာမများထဲမှာ အသစ်ရောက်လာတဲ့ ဆရာမတွေရဲ့ လမ်းခရီးကလည်း တကယ်ကို စိုးရိမ်ထိတ်လန့်စရာပါ။ တန့်ဆည်မြို့ပေါ်ကနေ မူးခွကျေးရွာကို ထွက်လာတဲ့လမ်းမှာ ဆရာမတွေ ပါလာတဲ့ ကားကို PDF အကြမ်းဖက်သမားတွေက ချောင်းပစ်လို့ အသက်လုပြီး မောင်းပြေးခဲ့ရတဲ့ ဖြစ်စဉ်ပါ။ ဘဝတစ်လျှောက် ဒီလိုအဖြစ်မျိုး တခါမှ မကြုံဖူးတဲ့ ဆရာမတွေ ကံကြီးပေလို့သာ အသက်ဘေးက လွတ်ခဲ့ရတဲ့ခရီးစဉ်ပါ။

ကျောင်းပြန်ဖွင့်ပြီးတော့ PDF တွေက ဒရုန်းနဲ့ ဗုံးခွဲတာကိုလည်း တစ်ကြိမ်ကြုံခဲ့ရပါသေးတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေမှာလည်း PDF က တမျိုးလုပ်လာရင် ကာကွယ်နိုင်ဖို့ သူတို့မှာ တမျိုးကြံဆရတယ်။ အစောပိုင်းက ဒရုန်းပစ်လက်နက်နဲ့ ပစ်ချလို့ ရခဲ့တာတွေလည်း ရှိတယ်။ နောက်ပိုင်း ပစ်ချနိုင်မှန်း သိတော့ PDF အကြမ်းဖက်သမားတွေက တန်ဖိုးမြင့် ဒရုန်းတွေ အသုံးပြုလာတော့ ပစ်ချလို့ မရပြန်ဘူးတဲ့။ PDF ကလည်း ခေသူတော့မဟုတ်။ အဖျက်အမှောင့်လုပ်ငန်းကို ပြိုင်စံရှား လုပ်နိုင်စွမ်းရှိသူတွေ ဖြစ်ပါတယ်။ 

မူးခွကျေးရွာက ပြန်အထွက် ရှေးဟောင်းစေတီတစ်ဆူကို အများပြည်သူ ဖူးမျှော်နိုင်အောင် ရင်ပြင်တော် ပြန်လုပ်နေသတဲ့။ ရွာသူ ရွာသားတွေ လုပ်အားပေးနေကြတယ်။ ကျွန်တော်တို့လည်း အလှူငွေထည့်ခဲ့ပါသေးတယ်။ အဲဒီ ရှေးဟောင်းစေတီကို ငုံပြီး စေတီပြန်လည်တည်ထားကိုးကွယ်နိုင်ဖို့လည်း ကြိုးပမ်းနေကြပါတယ်။

ကဲဗျာ - ဒီလို အကြမ်းဖက်အန္တရာယ်တွေကြားမှာ မြန်မာ့ရိုးရာအစဉ်အလာကို အပျက်စီးမခံဘူး။ ဘာသာရေး သာသနာအရေး လုပ်ငန်းတွေကို အပျက်အစီးမခံဘဲ လုပ်ဆောင်နေကြတဲ့ စံပြကျေးရွာ ဖြစ်ပါတယ်။ ဆရာတော်ဦးဝါသဝ သည်လည်း မူးခွရွာကျောင်းကနေမှ စာသင်တိုက်တွေကိုရောက် ပြီးတော့မှ ကန့်ဘလူကျေးရွာ၊ မှော်တော်မှာ ကျောင်းထိုင်နေခြင်းဖြစ်ပါတယ်။ လက်ရှိကျောင်းထိုင်က ဆရာတော်ရဲ့ ဆရာပဲလားဆိုတော့ မရှိတော့ဘူးလို့ မိန့်ကြားပါတယ်။ ဆရာတော်ရဲ့ နောင်တော်ကြီး ကျောင်းထိုင်နေတာပေါ့။ အခုတော့ အကြမ်းဖက်အားပေးဖြစ်ပြီး ဘယ်ရောက်နေမှန်း မသိဘူးလို့ မိန့်ကြားပါတယ်။

တချို့ရွာတွေမှာ ဘုန်းကြီးတွေကိုယ်တိုင်က အကြမ်းဖက်အားပေးလုပ်ပြီး ရွာသူရွာသားတွေ စိတ်ဝမ်းကွဲအောင် လုပ်ခဲ့ကြတယ်လို့ ဆရာတော် မိန့်ကြားလို့ သိရပါတယ်။ ဆရာတော်ဦးဝါသဝ မိန့်ကြားတာက "ဒီဘုန်းကြီးတွေကိုယ်တိုင်က ကိုယ့်ရွာသူရွာသားကို စည်းလုံးညီညွတ်အောင် ထိန်းသိမ်းရမယ့်အစား မြှောက်ပေးကြတာ။ ကျုပ်ကတော့ အဲဒီလိုတွေ ဆက်လုပ်နေရင် တွယ်မှာလို့ ဘုန်းကြီးရော၊ လူရောမချန် ပြောပစ်တာပဲ။ အနီပဲဖြစ်ဖြစ် အစိမ်းပဲဖြစ်ဖြစ် အေးအေးဆေးဆေး နေကြ။ ရွာကို လာဖျက်ဆီးရင် ညီညီညွတ်ညွတ်ကာကွယ်ကြ။ ရွာထဲမှာလည်း PDF တွေရဲ့ ဆွေမျိုးသားချင်းတွေ ရှိနေတာပဲ။ ဘာမှမလုပ်ဘူး။ အေးအေးဆေးဆေးနေဖို့ပဲ ပြောတာ။" လို့ မိန့်ကြားပါတယ်။

ဆရာတော် ရွာထဲက ပြန်ထွက်တော့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်နဲ့ ရှေ့နောက် လုံခြုံရေးလိုက်ပေးပါတယ်။ အရှေ့က သေနတ်လွယ်ပြီး လုံခြုံရေးလိုက်ပေးနေရတဲ့ မြင်ကွင်း၊ အနောက်က သေနတ်လွယ်ပြီး လုံခြုံရေးလိုက်ပေးနေရတဲ့ မြင်ကွင်းက အလိုလေး ငါတို့ တိုင်းပြည်ဟာ အာဖဂန်လို ဖြစ်နေပါပေါ့လားလို့ စိတ်မသက်မသာ ဖြစ်မိပါတယ်။ ရွာစဉ်တလျှောက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဆရာတော်ကို လိုက်လံစောင့်ရှောက်ပေးနေကြတာကိုတော့ ကျေနပ် ဝမ်းမြောက်မိပါတယ်။ အဖျက်သမားတွေ ရှိသလို ကိုယ့်ရွာကို မပျက်စီးစေချင်တဲ့ ဒေသခံတွေ၊ ဘာသာ သာသနာအပေါ် အလေးထားတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ကျန်ရှိနေပါသေးတယ်လို့ပဲ ဖြေသိမ့်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)